ကနီ၊ ဇွန် ၁၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စတားလင့်ခ်အင်တာနက်ဆိုင်တွေအနေနဲ့ ဇွန်လဒုတိယပတ်ကစတင်ကာ ၁ နှစ်အတွက် အခွန်ငွေကျပ် ၁၀ သိန်း ပေးဆောင်ရမှာဖြစ်ပြီး အင်တာနက်သုံးစွဲခတွေလည်း တိုးမြှင့်ကောက်ခံရမှုတွေကြောင့် အသုံးပြုသူနည်းပါးလာတယ်လို့ စတားလင့်ခ်ဆိုင်ပိုင်ရှင်တချို့ဆီက သိရပါတယ်။
ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ညွှန်ကြားချက်အရ မြို့နယ်အတွင်းစတားလင့်ခ်ဆိုင်တွေအနေနဲ့ စတားလင့်ခ်စက်တလုံးအတွက် ၆ လစာ အခွန်ငွေကျပ် ၅ သိန်းပေးဆောင်ကာ စက်မှတ်ပုံတင်ရမှာဖြစ်ပြီး အဲ့ဒီပေးဆောင်မှုမှာ လက်ခွဲစက်(စတားလင့်ခ်ပွိုင့်) ၂ ခုသာ အကျုံးဝင်မယ်လို့ ဆိုပါတယ်။
“စတားလင့်ခ်စျေးတွေ တက်တယ်၊ အရင်ကသုံးတဲ့လူတွေလည်း သိပ်မသုံးနိုင်ကြတော့ဘူး၊ ဆိုင်တွေမှာ လူပါးလာတယ်၊ ဆိုင်ပိုင်ရှင်တွေဖက်ကလည်း စတားလင့်ခ်ဘေလ်ဆောင်တာအပြင် ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်း ၆ လ ၅ သိန်း အခွန်ဆောင်ရတယ်” လို့ ကနီမြို့နယ်အတွင်း စတားလင့်ခ်အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်ခွဲစက်(စတားလင့်ခ်ပွိုင့်) ၂ ခုထက် ပိုမိုဖြန့်ခွဲထားပါက နောက်ထပ်စတားလင့်ခ်စက် တလုံးစာ အခွန်ငွေထပ်မံပေးဆောင်ရမယ်လို့ သတ်မှတ်ထားတာကြောင့် ဆိုင်ရှင်တွေအနေနဲ့ အခက်ကြုံနေရတာပါ။
ယခင်က ကနီမြို့နယ်အတွင်း စတားလင့်ခ်ဆိုင်တွေမှာ အသုံးပြုခ ၁ နာရီ ၅၀၀ ကျပ်၊ ၁ ရက် ၂,၀၀၀ ကျပ် ၊ ၁ လ ၂ သောင်းကျပ်သာ ကျသင့်တာဖြစ်ပြီး အခွန်ကောက်ခံပြီးနောက် စတားလင့်ခ်ဆိုင်တွေအနေနဲ့ အသုံးပြုခအနိမ့်ဆုံး ၁ နာရီ ၁၀၀၀ ကျပ်၊ ၁ ရက် ၅,၀၀၀ ကျပ်၊ ၁ လ ၅၀,၀၀၀ ကျပ် တိုးမြှင့်ကောက်ခံဖို့ မြို့နယ်ပအဖက သတ်မှတ်လိုက်တာပါ။
အခုလို စတားလင့်ခ်အသုံးပြုခတွေ တိုးမြှင့်ကောက်ခံလိုက်တာကြောင့် အင်တာနက်အသုံးပြုသူတွေ သိသိသာသာ လျော့နည်းလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် စတားလင့်ခ်အထိုင်စက်ရဲ့အကောင့်ကို မြို့နယ်ပအဖလက်အောက် ဆက်သွယ်ရေးဌာနဆီ ပေးထားရပေမယ့် နည်းပညာအကူအညီပေးတာမျိုးလည်းမရှိဘူးလို့ ဆိုပါတယ်။
“ အကောင့်တွေ ပေးထားရပေမယ့် ဘေလ်ဆောင်တဲ့အခါတော့ ကိုယ်တိုင်ဆောင်ရတာ၊ အကောင့်တွေပေးထားရတော့ ကိုယ်ရေးကိုယ်တာတွေ ကျိုးပေါက်တာပေါ့။ နည်းပညာအကူအညီလည်း ဘာတခုမှမပေးဘူး၊ ကိုယ့်စက်ပျက်ရင် ကိုယ်ပြင်ပဲ” လို့ အထက်ပါဆိုင်ရှင်က ပြောပါတယ်။
မေ ၈ ရက်မှာ ကနီမြို့နယ်ပအဖက မြို့နယ်အတွင်းစတားလင့်ခ်စက်တွေ အသုံးပြုခွင့်စတင်ပိတ်လိုက်ပြီးနောက် ၁ လနီးပါးအကြာ ဇွန်လဒုတိယအပတ်မှာအခွန်ငွေကောက်ခံပြီး ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ကနီမြို့နယ်အတွင်း စတားလင့်ခ်စက်တွေအပေါ် အခွန်ကောက်ခံပြီး ပြန်လည်ဖွင့်ခွင့်ပေးတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။




























