မင်းကင်း၊ မေ ၂၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် – SRF တပ်ဖွဲ့ဝင် ၆ ဦးကို မင်းကင်းမြို့နယ် ပကဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ မေလ ၂၂ ရက် ရက်စွဲနဲ့ SRF က ထုတ်ပြန်လာပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ SRF တပ်ဖွဲ့ဝင် ET၊ ယက္ခ၊ နှံကောင်၊ အောင်ကိုလတ်၊ နေလင်းဦးနဲ့ ဂျိုးလေးတို့ ဖြစ်ကာ ၂၀၂၅ ဩဂုတ် ၂၈ ရက်၊ ၂၀၂၆ မေ ၁၀ ရက်နဲ့ မေလ ၂၁ရက်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တပ်ဖွဲ့နဲ့ မိသားစုတွေက အဆက်အသွယ်မရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
SRF တပ်တော်က ဒေသခံပြည်သူလူထုကာကွယ်ရေးနဲ့ စစ်ကော်မရှင်တပ်ကို အနိုင်တိုက်ရေးသာ အာရုံစိုက်စေလိုတာကြောင့် မိတ်ဖက်ပဋိပက္ခတွေကို တော်လှန်ရေးအကျိုးစီးပွားနဲ့ မဟာမိတ်ညီညွတ်ရေးကို ရှေးရှုပြီး နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းလိုတယ်လို့ ဆိုပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ တော်လှန်ရေးတပ်ဖွဲ့ ၂ ခုအတွင်းက ပြဿနာမဟုတ်ဘဲ တော်လှန်ရေးတခုလုံးရဲ့ ပြဿနာဖြစ်တာကြောင့် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူလူထုက ဝန်းရံဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း SRF တပ်တော်က ထုတ်ပြန်ထားပါတယ်။
မေလ ၂၄ ရက်မှာလည်း မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းထုတ်ပြန်ရေးက SRF တပ်ဖွဲ့ဟာ လက်နက်ကိုင်တော်လှန်ရေးတခုတည်းကိုသာ လုပ်ဆောင်နေတာမဟုတ်ဘဲ NUG ယန္တရားတွေရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးတွေမှာ ဝင်ရောက်စွက်ဖက်နေပြီး အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေစင်ပြိုင်ထောင်တာ၊ NUG လက်အောက်ခံ ပအဖ၊ ပကဖ တွေကို လက်နက်ကိုင်အင်အားသုံးပြီး ဖမ်းဆီးသတ်ဖြတ်တာ၊ NUG အစိုးရပုံရိပ်ကျအောင် ဒေသခံပြည်သူလူထုကို မကြာခဏဆန္ဒပြပွဲတွေဖြစ်ဖို့ စည်းရုံးလှုံ့ဆော်တာ၊ ဥပဒေမဲ့ တပ်သား စုဆောင်းရေးလုပ်တာ၊ ပြည်သူတွေကို ဖမ်းဆီးတာတွေကြောင့် ကျူးလွန်ထားတဲ့ အမှု ၈ ခုနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနဆီ တရားစွဲဆိုထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ထားတဲ့ SRF တပ်ဖွဲ့ဝင်တွေကို ဥပဒေအတိုင်းဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်တာမရှိတဲ့အပြင် မင်းကင်းမြို့နယ် ပကဖအဖွဲ့ဝင်တွေကို ဖမ်းဆီးမှုတွေ ဆက်လက်ပြုလုပ်လာခဲ့တာကြောင့် တရားခံတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေပြီလို့ မင်းကင်းမြို့နယ် ပအဖ ရဲ့ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဒါ့အပြင် မေ ၂၄ ရက် တရက်တည်းမှာပဲ SRF တပ်ဖွဲ့က NUG နဲ့ စင်ပြိုင်အုပ်ချုပ်ရေး မတည်ဆောက်ခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဒေသခံတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်ကြောင့် NUG အစိုးရ ယန္တရားကိုဝန်းရံခဲ့တာဖြစ်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ ပြည်သူလူထုက SRF တပ်ဖွဲ့ စည်းရုံးလှုံ့ဆော်တိုင်း ဆန္ဒပြလောက်တဲ့အထိ အသိပညာကင်းမဲ့ခြင်းမရှိတာကြောင့် NUGကို ပုံရိပ်ချနေတာမဟုတ်ဘဲ အောက်ခြေတာဝန်ခံတွေရဲ့ အမှားတွေကို ထိန်းကျောင်းပေးဖို့ တောင်းဆိုနေကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်နဲ့ ပတ်သတ်ဆက်နွယ်သူတွေ၊ ပြည်သူ့စစ်တွေနဲ့ သတင်းပေးသူလျှိုတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးတယောက်ကိုမှ ဖမ်းဆီးတာမရှိခဲ့တာကြောင့် တရားစွဲဆိုထားတဲ့ ပြစ်မှု ၈ ခုကို သမာသမတ်ကျတဲ့ ဥပဒေပညာရှင်တွေနဲ့ တရားဝင်ဖြေရှင်းပြီး ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူလိုတယ်လို့ SRF တပ်ဖွဲ့က ဆိုပါတယ်။
ပဋိပက္ခအတွင်း ထိခိုက်မှုတွေရှိရှိလာလျှင် တော်လှန်ရေးအတွက် အကျိုးမရှိတာကြောင့် ဖမ်းဆီးထားတဲ့ SRF တပ်ဖွဲ့ဝင် ၆ ဦးကိုလည်း တရားဝင် တရားရုံးတင်ပေးဖို့ တောင်းဆိုထားပါတယ်။
တဖက်မှာလည်း မေလ ၂၄ ရက်မှာပဲ မင်းကင်းမြို့နယ်၊ လက်ချိတ်ရွာအနီးမှာ NUG တပ်ရင်းတွေနဲ့ Upper Chidwin Liberation Army – UCLA တို့အကြား နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး UCLA တပ်ဖွဲ့ဝင် ၁ ဦးကိုဖမ်းဆီးခဲ့ကာ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။