ကျပ်သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးစားမှု မင်းကင်း ပအဖ၊ ပကဖ ကို NUG စုံခုံဖွဲ့ စစ်ဆေးနေ

0 10
0 10

မင်းကင်း၊ အောက်တိုဘာ ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဝင်းမင်းစိုးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးညိုလွင်တို့ကို ငွေကျပ် သိန်းပေါင်း ၁ သိန်းခွဲ (၁၅၀,၀၀၀) ကျော် အလွဲသုံးစားမှု တိုင်းကြားချက်အရ NUG က စုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကလေးခရိုင် အမှတ် ၇၊ ၈၊ ၉၊ ၁၀ တပ်ရင်း ၄ ရင်းက တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေက လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့ ၂၀၂၆၊ ဇူလိုင်လ ၁ ရက် ရက်စွဲနဲ့ မင်းကင်းမြို့နယ် ပအဖနဲ့ ပကဖ တာဝန်ခံတွေကို ကျပ်သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးစားမှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းကင်းမြို့နယ်ထဲက တိုက်နယ် ၂၊ ၃၊ ၄၊ ၅ နဲ့ ၁၀ နယ်မြေတွေမှာရှိတဲ့ ကျေးရွာပေါင်း ၅၅ ရွာက ရပ်ကျေးနဲ့ တိုက်နယ် ပအဖ၊ ပကဖ တာဝန်ခံ ၁၂၅ ဦး ကလည်း ယခုတိုင်ကြားခံရသူ မြို့နယ် ပအဖနဲ့ ပကဖ တာဝန်ခံ ၂ ဦးကို ပြောင်းလဲပေးမှ မြို့နယ်ညွှန်ကြားချက်တွေကို လိုက်နာနိုင်မယ်ဆိုကာ လက်မှတ်ရေးထိုးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အဆိုပါ တိုင်ကြားမှုတွေအရ စုံခုံဖွဲ့စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း NUG Press Office က မြေလတ်အသံရဲ့ မေးမြန်းမှုကို အောက်တိုဘာ ၁၈ ရက်နေ့က အတည်ပြုဖြေကြားခဲ့ပါတယ်။

“စုံခုံဖွဲ့ပြီး စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ဆဲပါလို့ သိရပါတယ်ရှင့်။ စုံခုံအဖွဲ့ဝင် ၇ ဦးအား ၁၀၊ ၈၊ ၂၀၂၆ ရက်နေ့ ဖွဲ့စည်းတာဝန်ပေးသည်မှစ၍ စုံခုံ၏ လုပ်ထုံး၊ လုပ်နည်းများကို ယနေ့အထိ ဆောင်ရွက်နေပါတယ်လို့ သိရပါတယ်” လို့ NUG Press Office ရဲ့ Signal ကတဆင့် စာနဲ့ ဖြေကြားခဲ့ပါတယ်။

အခွန်ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး မင်းကင်းမြို့နယ် ပကဖတာဝန်ခံ ဦးညိုလွင်ကို တိုင်ကြားထားတဲ့စာမှာပါဝင်တဲ့ အချက်အလက်တွေအရ ၂၀၂၄-၂၅ ရွှေမျောလုပ်ငန်းခွင်တွေက ကောက်ခံထားတဲ ကျပ်သိန်းပေါင်း ၆ သောင်းခွဲ (၆၅,၀၀၀) ကျော်နဲ့ ၂၀၂၅ ခုနှစ်က ပအဖ ဖြတ်သန်းခွန်ကနေ ချေးယူထားတဲ့ သိန်းပေါင်း ၂ သောင်း (၂၀,၀၀၀) ကျော်အပါအဝင် အခုနှစ် ၂၀၂၆ လောင်းပြည့် ရွှေမျောကရတဲ့ စစ်အောင်နိုင်ရေး ရန်ပုံငွေ သိန်းပေါင်း ၄ သောင်း (၄၀,၀၀၀) ကျော်နဲ့ ၂၀၂၆ ဧပြီလကနေ ဇွန်လဝက်အထိ လောင်းပြည့်ရွှေမျောက လုပ်ငန်းရှင် (အင်းပိုင်) ထံက လက်လွှဲယူပြီး လုပ်ငန်းရှင် (အင်းပိုင်) အဖြစ် လုပ်ကိုင်ခဲ့ရာကရတဲ့ သိန်းပေါင်း သောင်းနဲ့ချီတဲ့ ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုင်ကြားခံရသူ နောက်တဦးဖြစ်တဲ့ မင်းကင်းမြို့နယ် ပအဖ တာဝန်ခံ ဦးဝင်းမင်းစိုးကိုတော့ ၂၀၂၄-၂၅ ရွှေမျောခွင်တွေကရခဲ့တဲ့ အခွန်နဲ့ ဒဏ်ကြေးငွေ သိန်းပေါင်း ၅ သောင်း (၅၀,၀၀၀) ကျော်ထဲက သိန်းပေါင်း ၂ သောင်း (၂၀,၀၀၀) ကျော်သာ ပေးသွင်းခဲ့ပြီး သိန်းပေါင်း ၃ သောင်း (၃၀,၀၀၀) ကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့ပါဝင်ပြီး၊ ၂၀၂၅-၂၆ မြောက်ချွန်းရွှေမျောမှာ ပြည်ထောင်စုက သတ်မှတ်ထားတာထက် တဖောင်ကို သိန်း ၂၀ ပိုမိုကောက်ခံပြီး ရခဲ့တဲ့ပိုငွေ သိန်း ၆ ထောင့် ၄ ရာ (၆,၄၀၀) ကို သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ဝင်တွေနဲ့ အတူခွဲဝေသုံးစွဲကာ လောင်းပြည့်ရွာခံတွေကို ရွှေမျောလုပ်ငန်းရှင်တွေကပေးတဲ့ နစ်နာကြေး သိန်း ၃ ထောင် (၃,၀၀၀) ကို အာဏာသုံးပြီး ယူသွားတဲ့ကိစ္စ အပါအဝင် ၂၀၂၅ မတ်လက စစ်ကိုင်းငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ရွှေမျောပိုင်တွေရဲ့ လှူဒါန်းငွေ သိန်း ၁ ထောင် (၁၀၀၀) တို့ကို အလွဲသုံးစားခဲ့တာဆိုပြီး တိုင်ကြားထားတာ ဖြစ်ပါတယ်။

တိုင်းကြားခံရသူ မင်းကင်းမြို့နယ် ပအဖတာဝန်ခံ ဦးဝင်းမင်းစိုးကို တိုင်ကြားခံရမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ရာ ခုံရုံးကိစ္စမပြီးပြတ်သေးတာကြောင့် ဖြေကြားလို့ မရသေးဘူးလို့ ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။