11 July 2026 11:48 PM

မန္တလေးမြို့ရှိ အထပ်မြင့်အဆောက်အဦနဲ့ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲပြီးခံစစ်ပြင်

0 4
0 4

မန္တလေး၊ ဇူလိုင် ၁၂၊ ၂၀၂၄။

မန္တလေးမြို့က မြို့အဝင်အထွက်နဲ့ နန်းတွင်းအနီးပတ်လည်နေရာတွေကို စစ်တပ် ထပ်မံတပ်စွဲနေပြီး အများစုဟာ အိမ်စီးကားအသုံးပြု၊ အရပ်ဝတ်တွေ ဝတ်ဆင်ထားပြီးသွားလာနေကြတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါ တယ်။

မန္တလေးမြို့မြောက်ဘက်အဝင် မန္တလေးတောင်တော်၊ ဘုန်းတော်တိုးရပ်ကွက်မှ စက်ရုံအပေါ်ဆုံးထပ်၊ မြို့အလယ်က စျေးချိုတော်၊ မန်းမြန်မာပလာဇာ၊ ရတနာပုံစျေး၊ မြို့အနောက်ဘက်အဝင်က ၁၉ လမ်း၊ လမ်း ၉၀ အနီး၊ ကျုံးအနောက်ဘက် ၁၉ လမ်း၊ လမ်း ၈၀ အပေါ်ထပ်၊ မြို့အရှေ့ဘက်အဝင် မြရည်နန္ဒာအိမ်ယာအနီးတို့မှာ တပ်စွဲထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ပုသိမ်ကြီးမြို့နယ်ထဲက စာသင်ကျောင်းတချို့နဲ့ မန္တလေးမြို့တွင်းက စာသင်ကျောင်းတွေမှာလည်း တပ်စွဲထားသလို မြို့ဝင်၊ မြို့ထွက်စစ်ဆေးတာတွေလည်း တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မန္တလေးဆိပ်ကမ်းမှာ ခရီးသည်တင်နဲ့ ကုန်တင်မော်တော်တွေကို ပြန်ပြီး စစ်ဆေးနေပြီ။ မှတ်ပုံတင်စစ်တယ်။ ဘယ်သွား၊ ဘာလုပ်မှာလဲမေးတယ်။ မသင်္ကာရင် ဖုန်းတောင်းစစ်တယ်။ စစ်သားတွေကို မဲလို့ ကြောက်စရာဗျာ” လို့ စစ်ဆေးခံရတဲ့ပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့ကို ပုသိမ်ကြီးမြို့ဘက်ကနေဝင်တဲ့ ၁၉ လမ်း၊ မြို့ပတ်လမ်းအနီးမှာလည်း ရဲနဲ့ အရပ်ဝတ် အင်အား ၃၀ လောက်က နေ့စဥ် စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးမြို့ကို စစ်ကောင်စီတပ်သားတွေ စောင့်ကြပ်တဲ့နေရာမှာ ပြည်သူ့စစ်ယူနီဖောင်းဝတ်တွေကို နေရာ အများစုမှာ ပြောင်းလဲထားပြီး ရဲနဲ့ စစ်သားတွေကတော့ အိမ်စီးကားတွေ အသုံးပြုပြီး အရပ်ဝတ်တွေနဲ့ သွားလာနေကြတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်က အခုလိုတပ်စွဲထားတာမျိုးကို အရင် ၁၀၂၇ ပထမလှိုင်းမှာလည်း ပြုလုပ်ခဲ့ပြီး ဒုတိယလှိုင်းမှာလည်း ထပ်မံပြုလုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က မတ္တရာမြို့အဝင် ရွှေကျင်တိုးဂိတ်ကို အဓိကထားစစ်ဆေးတာတွေပြုလုပ်နေပြီး အဲဒီအနီးနားက ကွန်ပျူတာတက္ကသိုလ်နဲ့ ကြာနီကန်ကျေးရွာတွေဘက်ကို တပ်အင်အားထပ်တိုးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

သတင်း – N၊ စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။