12 July 2026 1:33 PM

ခန္တီးမြို့ရေကြီးမှုအတွင်း ဒေသခံ ၄ ဦး ရေနစ်သေဆုံးခဲ့

0 2
0 2

စစ်ကိုင်း၊ ဇူလိုင် ၁၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင်းရေကြီးမှုမှာ လူ ၄ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေနစ်သေဆုံးသူတွေဟာ နန်းမေတ္တာရပ်ကွက်၊ သာစည်ရပ်ကွက်နဲ့ မြို့မရပ်ကွက်တွေက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

“မြို့မ ကတယောက်ဆို ရေကြီးနေချိန်အိမ်ပေါ်အိပ်နေရင်းက ရေထဲပြုတ်ကျပြီးဆုံးတာ။ သာစည်က သားအမိ ၂ ဦးဆိုလည်း မတော်တဆရေထဲကျပြီးဆုံးတာ။ ခုလောလောဆယ်ရေကတော့ပြန်ကျနေပြီ”လို့ ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ဒေသခံ ၄ ဦးရဲ့အလောင်းကိုတော့ ပြန်လည်ဆယ်ယူရရှိပြီး ဒေသထုံးစံနဲ့အညီ သင်္ဂြိုဟ်ပြီးပြီလို့ သိရပါတယ်။

ဇူလိုင်လ ၂ ရက်ကစတင်ပြီး ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်လာကာ မြို့အနိမ့်ပိုင်းတွေ ရေကြီးခဲ့ပြီး ဇူလိုင်လ ၈ ရက်မှာ ရေအမြင့်ဆုံးအခြေအနေထိရောက်ပြီး တမြို့လုံးနီးပါးရေနစ်မြုပ်ခဲ့တာပါ။

ဇူလိုင်လ ၁၂ ရက် ဒီနေ့မှာတော့ အနိမ့်ပိုင်းရပ်ကွက် အချို့နေရာတွေလောက်သာ ရေအနည်းငယ်ကျန်နေကာ ဒေသခံအများစုကတော့ နေအိမ်တွေမှာ ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

ရေကြီးချိန်မြို့အတွင်းရှိ စျေးအပါအဝင် အခြေခံစားသောက်ကုန်တွေထားရှိတဲ့နေရာ တော်တော်များများ ရေဝင်ပျက်စီးသွားတာကြောင့် ဆန်အပါအဝင် စားသောက်ကုန်တွေလည်း စျေးနှုန်းမြင့်တက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ခန္တီမြို့ပေါ်မှာ ဆန်ကြမ်းတအိတ် ၂ သိန်းကျော်၊ ဆီတလီတာဗူးတဗူး ၁၀၀၀၀ ကျော်၊ ကန်စွန်းရွက်တစီး ၆၀၀၊ ကြက်ဥ တလုံး ၅၀၀ ကျော်နဲ့ ဘဲဥတလုံး ၇၀၀ ကျော် ဝယ်ယူနေကြရတယ်လို့ ဆိုပါတယ်။

ရေကြီးနစ်မြှပ်မှုကြောင့် နေအိမ်၊ စျေးတွေနဲ့လုပ်ငန်းနေရာတွေ အပျက်အစီးများခဲ့ပြီး ဘယ်လောက်ပျက်စီး ဆုံးရှုံးခဲ့လဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

၁၉၉၀ ခုနှစ်တုန်းက ခန္တီးမြို့မှာ ယခုလိုအခြေအနေထိ ရေကြီးမှုအမြင့်ဆုံးဖြစ်ခဲ့ပြီးနောက် ၃၄ နှစ်အတွင်းနောက်ထပ်တကြိမ် ရေကြီးမှုအဆိုးဆုံးပြန်ဖြစ်လာတာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။