12 July 2026 5:11 AM

နွယ်အင်းရွာဗုံးကြဲမှု ကျောင်းသား/သူ ၂ ဦးအပါ ၅ ဦးသေဆုံး

0 11
0 11

ဒေသတွင်းဖုန်းလိုင်းတွေပြတ်တောက်နေ

ပုလဲ၊ မေ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို မေ ၁၈ ရက်နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား၊ ကျောင်းသူတွေအပါ ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် Grade 6 ကျောင်းသားမောင်ဖုန်းမင်းသန့်၊ Grade 12 ကျောင်းသူ မကြယ်ဇင်ဦး၊ ဒေါ်မရီ၊ မသင်းမြတ်သူနဲ့ နောက်ထပ်ဒေသခံ ၁ ဦးတို့သေဆုံးခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့မသိရသေးဘူးလို့ ဆိုပါတယ်။

“ပုလဲမြို့နယ်က စစ်ရေးအရကငြိမ်နေတာကြာပါပြီ။ အကြောင်းမဲ့ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လာပစ်သွားတာ။ အလုံးရေတော့မသိရဘူး။ အရပ်သားပြည်သူနေအိမ်တွေပေါ်ကျတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

မသင်းမြတ်သူနဲ့ ဒေသခံတဦးတို့မှာ ဗုံးစထိမှန်ဒဏ်ရာနဲ့ ဆေးကုသနေချိန်အတွင်းသေဆုံးခဲ့ပြီး ကျန် ၃ ဦးကတော့ ပွဲချင်းပြီးသေဆုံးခဲ့တာလို့ သူကဆက်ပြောပါတယ်။

နွယ်အင်းကျေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာလည်းမရှိသလို တိုက်ပွဲဖြစ်တာတွေလည်းမရှိဘဲ အကြောင်းမဲ့လာရောက်ပစ်ခတ်သွားတာလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

“အဓိကကတော့အရပ်သားတွေကြီးပါပဲ ကာကွယ်ရေးတပ်ဖွဲ့တွေလဲမရှိပဲနဲ့ကို အရပ်သားနေအိမ်တွေ ပေါ် ကြဲသွားတာပဲ။ တကယ့်ကို ကျေးရွာနေပြည်သူတွေ အေးအေးဆေးဆေး နေထိုင်နေတဲ့လူတွေရဲ့ အပေါ်မှာ လူမဆန်တဲ့လုပ်ရပ်တွေပေါ့နော်။ တောက်လျှောက်စစ်ရာဇဝတ်မှုတွေပါပဲ။” လို့ ဒေသေခံတဦးက ပြောပါတယ်။

မေလပထမပတ်လောက်ကစလို့ လက်ရှိအချိန်ထိ နွယ်အင်းကျေးရွာအနီးမှာ ဖုန်းလိုင်းပြတ်တောက်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

“ဒီရွာကပြောရရင်အရင်ကလဲကြဲထားတာလဲရှိတယ်။ ထိခိုက်ဒဏ်ရာတွေလဲရခဲ့တယ်။ အခုလည်း စစ်ရေးလည်းမရှိပါဘူး။ ဘာကနေဘယ်လိုလာကြဲလဲတော့မသိပါဘူး။ အခုတလောသူတို့တွေက အတော်များများဟုတ်ဟုတ်မဟုတ်ဟုတ် လုပ်နေတာချည်းပါပဲ” လို့ ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ မေ ၁၆ ရက်အထိ နိုင်ငံတဝန်း စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆,၆၈၇ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရေးအသင်း – AAPP ရဲ့အစီခံစာအရ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။