ပဲခူးတိုင်းအနောက်ခြမ်းမှာ ၁ လအတွင်း အုပ်ချုပ်ရေးမှူး၁ ဦးအပါ ၇ ဦး ပစ်သတ်ခံရ

0 0
0 0

ပဲခူး၊ အောက်တိုဘာ ၁၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ အုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ PDF တွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်သတ်မှုခံခဲ့ရကြောင်း သိရပါတယ်။

အသတ်ခံရသူတွေကတော့ ပြည်မြို့နယ်ထဲက ၂ ဦး၊ ပေါင်းတည်မြို့နယ်ထဲက ၂ ဦး၊ သဲကုန်းမြို့နယ်ထဲက အမျိုးသမီး ၁ ဦး အပါအဝင် ၂ ဦးနဲ့ ပေါက်ခေါင်းမြို့နယ်ထဲက ၁ ဦးတို့ဖြစ်ပြီး အဲ့ဒီဖြစ်စဉ်တွေက စက်တင်ဘာ ၄ ရက်ကနေ ၂၄ ရက်အတွင်း ဖြစ်ပွါးခဲ့တာလို့ သိရပါတယ်။

စတင်ဖြစ်ပွါးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ပေါင်းတည်မြို့နယ် အဂ္ဂရာပြည့်အုပ်စု မှန်ပြင်ကျောရွာနေ အသက် ၄ဝ နှစ်ကျော်အရွယ် ငှက်ကြီးဆိုသူဖြစ်ပြီး ၁၀ ရက်နေ့မှာတော့ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ သစ်ချိုပင်အုပ်စု၊ ကန်စုရွာက မှုခင်းရှုထောင့်သတင်းထောက် မျိုးချစ်ကို ဆိုသူတို့ဖြစ်ပါတယ်။

အလားတူ စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ သဲကုန်းမြို့နယ်၊ ဗြမ္မအင်းအုပ်စု၊ ကွင်းကြီးရွာက အသက် ၃၆ နှစ်အရွယ် သီတာ(ခ)ဒေါ်နီလာမြင့် ဆိုသူဖြစ်ပြီး ၁၇ ရက်က ပေါက်ခေါင်းမြို့နယ်၊ မတောက်တာကျေးရွာက အသက် ၃၇ နှစ်အရွယ် ကိုဉာဏ်ပိုင်ကျော် ဆိုသူနဲ့ ၁၈ ရက်နေ့မှာတော့ ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေ သစ်ချိုပင်အုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်ဆန်း တို့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးအသတ်ခံရသူ ၂ ဦးကတော့ စက်တင်ဘာ ၁၉ ရက်နေ့က သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု၊ ကြည်ရွာက အသက် ၅ဝ ခန့် ကိုအေးကို ဆိုသူနဲ့ ၂၄ ရက်နေ့မှာတော့ ပေါင်းတည်မြို့နယ် ပန်းသင်းပင်ကျေးရွာအရှေ့ဘက်ရှိ စမ်းကြီးရွာက အသက် ၃ဝ အရွယ် ကိုလွင်မိုးအောင် တို့ဖြစ်ကြောင်း သိရပါတယ်။

အဲဒီအထဲက လွင်မိုးအောင်၊ အေးကိုနဲ့ ငှက်ကြီးတို့ဟာ စစ်ကော်မရှင်တပ်ကို သတင်းပေးတာ၊ ရိက္ခာပို့တာ၊ စစ်ကြောင်းထိုးချိန်လမ်းပြတာ၊ တပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့တွေကိုစုံစမ်းတာတွေပြုလုပ်ခဲ့လို့ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

“သူတို့ကို ကျနော်တို့က စကစဆီကို မဆက်သွယ် သတင်းမပေးဖို့ ကြိုတင်သတိပေးတယ်။ ပြောထားရင် သူတို့က ခဏပဲ ရှောင်နေတယ် ပြီးပြန်လုပ်တယ်။ ဒါကြောင့် မဖြစ်မနေရှင်လင်းလိုက်ရတာ” လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်က ပြောပါတယ်။

ကျန်အသတ်ခံရသူ ၄ ဦးကိုတော့ ဘယ်အဖွဲ့တွေက ဘာကြောင့် သတ်သွားတယ်ဆိုတာကို ဘယ်လက်နက်ကိုင်အဖွဲ့ကမှ အောက်တိုဘာ ၁ ရက်နေ့ ဒီကနေ့အထိ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကလည်း ပေါင်းတည်မြို့နယ် ကြာနီကန်အုပ်စုထဲမှာနေကြတဲ့ စစ်ကော်မရှင်တပ်ရဲ့အမာခံသတင်းပေး စစ်မှုထမ်းဟောင်း ပေါင်တို(ခ)အေးနိုင် ရဲ့နေအိမ်နဲ့ စစ်အုပ်စုဝင်တွေကို နေအိမ်အတွင်း ဝင်ထွက်ခွင့်ပြုထားတဲ့ မိသင်းတို့ရဲ့ နေအိမ်တွေကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပေမယ့် သူတို့ ၂ ဦးစလုံး ကြိုတင်ရှောင်တိမ်းနေလို့ လွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။