ရွှေတောင်၊ ဇူလိုင် ၉၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင်စေတီ သာသနာ့နယ်မြေအတွင်းက ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာရှိ ရွှေနတ်တောင်စေတီ (ဒေသအခေါ် ရွှေနတ်တောင်ဘုရား) သာသနာ့နယ်မြေ စေတီရဲ့ တောင်ဘက်ကက်လျှက်ရှိ ဖက်ဆစ်တော်လှန်ရေးကာလ ဗိုလ်ချုပ် နားခိုခဲ့တဲ့ ဦးချစ်+ဒေါ်ဧရှင်(မူလစာသား) ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဇရပ်ထဲက ဗိုလ်ချုပ်အမှတ်တရ ဂုဏ်ပြုထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို ဇူလိုင် ၅ ရက်ည ၁၀ နာရီလောက်က ဖျက်ဆီးခံခဲ့ရတာလို့ သိရပါတယ်။
“အောက်က ဘိလပ်လောင်းထားတဲ့ ဟာတွေပါ ထုခွဲပြီး အပျောက်ရှင်းသွားတာ၊ အဲဇရပ်က အရင်ဆန္ဒပြလှုပ်ရှားမှုတွေ ဝင်လုပ်တုန်းကတည်းက ပိတ်ထားတာ”လို့ မြို့ခံတဦးကပြောပါတယ်။

အဆိုပါ ရုပ်ထုကို တပ်မ ၆၆ လက်အောက်ခံ စစ်သားတွေ၊ ဒေသခံပြည်သူ့စစ်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက လာရောက်ဖျက်ဆီးသွားနာဖြစ်ပြီး၊ ဖောကားနဲ့မြို့ပေါ်သယ်ဆောင်သွားတယ်လို့ ပြည်ခရိုင် ပကဖရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖျက်ဆီးခံရတဲ့ညမှာဘဲ ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုထုလည်းဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတွေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ထုတွေဖျက်ဆီးခံရမှုဟာ လက်ရှိအချိန်အထိ ၁၇ ရုပ်ထက်မနည်းရှိခဲ့ပြီလို့ သိရပါတယ်။