မင်းတုန်း၊ အောက်တိုဘာ ၉၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ချင်းနစ်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ (၂) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရတယ်လို့ သရက်ခရိုင်တပ်ရင်း (၄) တာဝန်ရှိသူတွေထံက သိရပါတယ်။
အောက်တိုဘာလ (၈) ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ ကပစ ၁၂ ကနေ တက်လာတဲ့ စက်တပ်လေထီး (၃) စီးက ကျေးရွာထဲကို ဗုံး (၉) လုံးကြဲချတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။



“ဗုံးက ရွာရဲ့ ဆေးခန်းနဲ့ နေအိမ်တွေပေါ်ကို ကျတာ။ မှိုက် ၊ လက်ပွ တို့က ချင်းနစ်နဲ့မဝေးတဲ့ရွာတွေပဲ စစ်ရှောင်တာမဟုတ်ပါ ပုံမှန်အတိုင် သူတို့ကိစ္စတွေနဲ့လာကြတဲ့သူတွေလည်းထိတယ်။ အဲ့ရွာတွေက စစ်ကြောင်းမရှိ တိုက်ပွဲမရှိတဲ့ ရွာတွေပါပဲ။ “လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် ချင်းနစ်ရွာသားတွေဖြစ်တဲ့ အသက် (၈၃) နှစ်အရွယ် ဦးထွန်းတင်၊ အသက် (၁၂) နှစ်အရွယ် မောင်ဝေယံဦးတို့နေရာမှာပဲသေဆုံးပြီး အသက် (၂၅) နှစ်အရွယ် မပလောင်၊ မိုက်ကျေးရွာနေ အသက် (၂၅) နှစ်အရွယ် ကိုဗိုလ်ဗိုလ်ဝင်း၊ လက်ပွကျေးရွာနေ အသက် (၂၅) နှစ်အရွယ် ကိုအောင်ဖြိုးဝေတို့ ဒဏ်ရာရခဲ့ပါတယ်။



ဒါ့အပြင် ကျေးရွာဆေးပေးခန်း၊ နေအိမ် (၅) လုံးပျက်စီးခဲ့သလိုနွား (၇) ကောင်လည်းသေဆုံးခဲ့ကာ အိမ်ခြေ (၁၀၀) ခန့်သာရှိတဲ့ ရွာကပြည်သူအားလုံးဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က၊ မင်းတုန်းမြို့နယ် အနောက်ခြမ်း ရခိုင်ရိုးမရှိ ဇွန်ကျကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခံရလို့ ကလေးငယ် (၃) ဦးအပါအဝင် (၆) ဦးသေဆုံးတယ်လို့ သိရပါတယ်။



စာတည်း – စိုးဦး