စဉ့်ကူး၊ ဇူလိုင် ၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာတော်ကျေးရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်လို့ ပြည်သူ ၅ ဥဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီမိနစ် ၃၀ ခန့်မှာ လက်ပန်လှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ဘက်ကနေ လက်နက်ကြီး ၃ လုံးကို ဆင်သေရွာနဲ့ ရွာတော်ရွာဘက်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


“လက်နက်ကြီးက ၃ လုံးပဲပစ်တာ။ ဆင်သေရွာ ဒေါင့်ကြီးကျောင်း အနောက်ဘက် ၂ လုံးနဲ့ ရွာတော်ရွာမြောက်ဖျားပိုင်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့တာ။ ရွာတော်ရွာမှာ ရွာခံတွေထိတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်နက်ကြီးထိမှန်တာကြောင့် အသက် ၆၂ နှစ်အရွယ် ဦးထွန်းငြိမ်း၊ ၅၉ နှစ်အရွယ် ဦးဝင်းရွှေ၊ ၃၁ နှစ်အရွယ် ကိုဖိုးတုတ်၊ ၂၈ နှစ်အရွယ် ကိုဝေလင်းထွန်းနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတဦးတို့ ဒဏ်ရာခဲ့ပါတယ်။


ဒါ့အပြင် နေအိမ် ၂ လုံးခန့်ပျက်စီးမှုရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးခန်းကို ပို့ဆောင်ကာ ဆေးကုသမှုတွေ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျွန်းဥဦးရွာထဲကျရောက်ခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။