ပဲခူး၊ အောက်တိုဘာ ၉၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို့ မြို့ရှောင်လမ်း၊ သကြီးကုန်းကျေးရွာအနီးမှာ အထည်ချုပ်လုပ်သားတွေ စီးနင်းလာတဲ့ စက်ရုံကြိုပို့ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ၂၈ ဦး ဒဏ်ရာရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ မနက် ၈ နာရီခန့်က ပဲခူးတက္ကသိုလ်ဘက်ကနေ ကလိကျေးရွာဘက်ကို ယာဉ်မောင်း စိုင်းဝဏ္ဏထွန်း မောင်းနှင်လာတဲ့ HINO RAINBOW ယာဉ်အမျိုးအစား MINI BUS အဖြူရောင်ယာဉ်နဲ့ ကလိကျေးရွာဘက်ကနေ ပဲခူးတက္ကသိုလ်ဘက်ကို ယာဉ်မောင်း သူရအောင် မောင်းနှင်လာတဲ့ MITSUBISHI FUSO EXPRESS ဖြူ/အနီရောင်ယာဥ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြတာလို့ ဆိုပါတယ်။
“ကလိဘက်က မောင်းလာတဲ့ ကားသမားက သူအရှေ့က သွားနေတဲ့ ယာဥ်ကိုကျော်တက်ရာမှာ မျက်နှာချင်းဆိုင်က လာတဲ့ကားကို ဝင်တိုက်မိတာ။ သူကားပေါ်ကပါတဲ့ စက်ရုံလုပ်သားတွေအများစုဒဏ်ရာရကြတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းသူရအောင်မောင်းလာတဲ့ ကားပေါ်က VHT နဲ့ K Fine အထည်ချုပ်စက်ရုံတွေက အသက် ၁၈ နှစ်ကနေ ၄၀ ကြားအရွယ် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း လုပ်သား ၂၈ ဦးမှာ ဒဏ်ရာရခဲ့ကြပြီး တဘက်ယာဉ်ကတော့ ဝန်ထမ်းတွေ မပါတာကြောင့် ယာဉ်မောင်းပဲ အနည်းငယ် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် ထိခိုက်သူအများစုက ဒဏ်ရာနည်းပါးတာကြောင့် ဆေးရုံထိ ဆေးကုခံယူရတာမျိုး မရှိဘူးလို့ သိရပါတယ်။
အဲဒီယာဥ်တိုက်မှုကြောင့် ယာဉ်မောင်းသူရအောင်ကို ပဲခူးအမှတ် (၂) ရဲစခန်းက အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။