ရေတာရှည်နဲ့လယ်ဝေးအစပ်မှာ အရှိုချင်း မိသားစုဝင် ၄ ဦး နေအိမ်မှာ ပစ်သတ်ခံရ

0 1
0 1

လယ်ဝေး၊ အောက်တိုဘာ ၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်နဲ့ လယ်ဝေးမြို့နယ်အစပ် ကျောက်အိုးကျေးရွာက အရှိုချင်း မိသားစုဝင် ၄ ဦး နေအိမ်မှာပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်သတ်ခံရသူတွေဟာ အသက် ၄၂ နှစ်အရွယ် ဦးဝင်းဦး၊ ဇနီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်ဖြူသွယ်ဦးနဲ့ သူရဲ့မောင်ဖြစ်သူ အသက် ၂၀ အရွယ် မောင်စိုးလင်းထက်၊ တူ​ဖြစ်သူ ၁၇ နှစ်အရွယ် မောင်ဆန်းသူအောင်တို့ ဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ည ၁၀ နာရီခန့်က နေအိမ်အတွင်း ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

“ဖြစ်တဲ့အချိန် ညက မိုးရွာနေတယ်။ သူတို့သေတာကို ပတ်ဝန်းကျင်က မနက်မှ သိကြတာ။ အမကြီးကတော့ မီးဖိုချောင်မှာ မှောက်လျက် ပစ်ထားတယ်။ ယောက်ျားလုပ်သူက လှေကားအတက်အဆင်းနားမှာ။ တူလုပ်တဲ့သူနဲ့ညီလုပ်တဲ့သူကတော့ အိပ်ယာထဲမှာပစ်ခံထားရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံထားရတာကြောင့် မိသားစုဝင် ၄ ဦးစလုံးဟာ ဦးခေါင်း၊ နားထင်နဲ့ ရင်ဘတ်ပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးနေကြတာ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ အရှိုချင်းတိုင်းရင်းသားတွေဖြစ်သလို သာမန်တောင်သူလုပ်စားသူတွေဖြစ်ပြီး စစ်တပ်၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပတ်သက်မှု ရှိ/မရှိကတော့ မသိရဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေကို ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကို ပို့ထားရပြီး သက်ဆိုင်ရာက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့အစည်းတွေက ဘာကြောင့်ပြုလုပ်ခဲ့တယ်ဆိုတာ အောက်တိုဘာလ ၈ ရက်နေ့အထိ သက်ဆိုင်ရာအဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။