တောင်သာတိုက်ပွဲမှာ စစ်အသုံးအဆောင်နဲ့ ခဲယမ်းတချို့ရရှိကာ စစ်သားသေဆုံးမှုများဟု PLA ဆို

0 4
0 4

တောင်သာ၊ ‌ဇွန် ၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော်-PLA ဆီက သိရပါတယ်။

မေ ၃၁ ရက်‌မှာ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာကနေ ငါ့သရောက် – ဝဲလောင် လမ်းမကြီးအတိုင်း တံတားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့်ဖြစ်ခဲ့ပြီး ဇွန် ၁ ရက်မှာလည်း အဲ့ဒီစစ်ကြောင်းက တံတားကျေးရွာက‌နေ အရှေ့ဖက်ကို စစ်ကြောင်းထွက်လာတာ‌ကြောင့် ထိတွေ့တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တာကို တိုက်ပွဲအတွင်းပါဝင်တဲ့ PLA တပ်ဖွဲ့ဝင်တွေက မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး သိမ်းဆည်းရမိ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဘက်တံဆိပ်တွေအရ အဲ့ဒီစစ်ကြောင်းဟာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲကို Popa Guerilla Force (ပုပ္ပါးပြောက်ကျား)တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA၊ 21 Bagan တပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၃ တို့က ပူးပေါင်းဖော်ဆောင်ခဲ့တာပါ။

“အနီးနား တောတိုက်က ပြည်သူ့အိမ်အချို့ကို မီးရှို့သွားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်သူ့စစ်ကြောင်းဟာ မုံရိုးကျေးရွာတွင်း ရောက်ရှိနေတယ်လို့သိရပါတယ်” လို့ PLA ပြန်ကြားရေးတာ၀န်ရှိသူက‌ မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်ကလည်း ညောင်ဦးမြို့နယ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတနေရာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ပါသေးတယ်။

သတင်း – ဇော်

မြေလတ်အသံ

မန္တလေး #တောင်သာ #တိုက်ပွဲ #PLA

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။