ပွင့်ဖြူ၊ ဇွန် ၃၊ ၂၀၂၆။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီရပ်ကျေးအလုပ်အမှုဆောင်ဟောင်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ပွင့်ဖြူအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
အသတ်ခံရသူဟာ မုန်းဇလဲကျေးရွာ NLD ရပ်ကျေးအလုပ်အမှုဆောင်ဟောင်း အသက် ၅၀ ဝန်းကျင်ရှိ ဦးအောင်ကျော်ဦး ဖြစ်ပြီး ဇွန်လ ၂ ရက် မနက် ၄ နာရီ ကျေးရွာအနီး မုန်းချောင်းဘေးက စိုက်ခင်းတဲမှာရှိနေချိန် ကျောင်းကုန်းကြီးရွာပျူစောထီးစခန်းက ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“အခုတော့ သာမန်ပြည်သူတယောက်ပဲ။ မနက်ပိုင်းရွာထဲဝင်ပြီး သူအိမ်မှာ သူ့မိန်းမကိုဖမ်းတယ်။ ကျောင်းကုန်းကြီးပျူတွေက ဒူးထောက်ခိုင်းထားပြီး သူယောက်ျားဘယ်မှာလဲမေးတယ်။ သူယောက်ျားက အိမ်မှာ မနေဘူး ရှောင်အိပ်နေတာ။ မုန်းကျင်းထဲကိုလိုက်ရှာကြတာ။ သတင်းပေးရှိလို့လည်းနေမှာပေါ့ “လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ဦးအောင်ကျော်ဦးကို မုန်းကမ်းနံဘေးယာခင်းတွေထဲမှာ ပျူစောထီးအဖွဲ့တွေက လိုက်ရှာစဥ် ရွာတောင်ဘက်ယာခင်းထဲမှာတွေ့လို့ ဦးခေါင်းကိုသေနတ်နဲ့တေ့ပြီး ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
ပျူအဖွဲ့တွေပစ်သတ်လို့ ဦးအောင်ကျော်ဦးမှာ နားထင်ပွင့်ထွက်ဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးသွားခဲ့ပြီးရွာခံတွေက ဦးအောင်ကျော်ဦးရဲ့ရုပ်အလောင်းကို ဇွန်လ ၂ ရက်မှာပဲ နေ့ချင်းသင်္ဂြိုဟ်လိုက်ကြရတယ်လို့ သိရပါတယ်။
ပျူစောထီးအဖွဲ့ဟာ ဦးအောင်ကျော်ဦးကိုပစ်သတ်ပြီးနောက် ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ကာ မုန်းဇလဲရွာနဲ့ ၂ မိုင်ခန့်အကွာရှိ ၎င်းတို့ပျူစခန်းရှိရာ ကျောင်းကုန်းကြီးကျေးရွာကို ပြန်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းကလည်း အဲ့ဒီပျူစောထီးအဖွဲ့ဟာ ဦးအောင်ကျော်ဦးကိုနေအိမ်မှာလာရှာခဲ့သေးပြီး မတွေတာကြောင့် ပြန်သွားကတည်းက ဦးအောင်ကျော်ဦးဟာနေအိမ်မှာ မအိပ်ရဲတော့ဘဲ နီးစပ်ရာနေရာတွေမှာ လိုက်လံပုန်းအောင်းအိပ်နေရတာလို့ သိရပါတယ်။