အုတ်ဖိုမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ အမျိုးသား ၁ ဦးထိခိုက်ပြီး နေအိမ်တွေမီးလောင်

0 2
0 2

အုတ်ဖို၊ မေ ၂၂၊ ၂၀၂၆။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာမှာ အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရပြီး အမျိုသား ၁ ဦးဒဏ်ရာရကာ နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မေ ၂၁ ရက်မှာ အုတ်ဖိုမြို့နယ်၊ စံပြကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကော်မရှင်အဖွဲ့က မီးလောင်ဗုံးတွေ တပ်ဆင်ထားတဲ့ အသေခံဒရုန်းတွေနဲ့ ချောင်းဂွရွာထဲကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“Suicide (အသေခံ) မီးလောင်ဒရုန်းနဲ့ပစ်တာ။ ထိတဲ့ အဖိုးက ရွာထဲဒရုန်းကျတဲ့နေရာနားမှာ ရှိနေတာ။ စစ်ကြောင်းထိုးနေတာ ၃ ရက်ရှိပြီဆိုတော့ ရွာသားတွေကပြေးနေကြတာ။ အချို့သက်ကြီးရွယ်အိုတွေက ရွာထဲကျန်နေတာမှာ ထိတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၆၄ နှစ်အရွယ် ဦးခင်လွင်ရဲ့ ညာဘက်ရင်ဘတ်အောက်ထိမှန် ဒဏ်ရာရပြီး မီးလောင်မှုကြောင့် နေအိမ် ၃ လုံးထက်မနည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုတိုက်ခိုက်ခံရပြီးနောက် ရွာထဲကျန်ရှိနေတဲ့သက်ကြီးရွယ်အိုတွေနဲ့ အိမ်စောင့်တွေပါ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အထက်ပါကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မေလ ၁၈ ရက်ကစတင်ကာ အုတ်ဖိုမြို့ပေါ်ကနေ စစ်ကော်မရှင်အင်အား ၃၀၀ ခန့်ဟာ မြို့နယ်အရှေ့ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီးနောက် ကျေးပျက်ရွာနဲ့ စံပြရွာတွေမှာ မေလ ၂၂ ရက်အထိ အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာတာကြောင့် ကျေးပျက်၊ စံပြ၊ ကြို့ကိုးပင်၊ မအူတန်း၊ ကိုင်းကြီး၊ ရှားစေးဘို၊ ချောင်းဂွရွာတွေက ပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

မေလ ၃ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ငါးဆီလှောင်၊ ဇလုပ်ကြီး၊ ဖွားအေစုရွာ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။