မြောင်၊ မေ ၂၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဇင်ကျေးရွာမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မေလ ၂၀ ရက်မနက် ၇ နာရီကျော်မှာ ပခုက္ကူဘက်ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ ရွာထဲကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“ရွာလယ်ခေါင် ဘုန်းကြီးကျောင်းဘေး လူနေအိမ်ပေါ်တည့်တည့်ကျတာ။ သေဆုံးမှုတော့မရှိဘူး။ ထိခိုက်မှုတော့ရှိတယ်။ ချွေးမလုပ်သူက အိမ်နောက်ဖေး ထမင်းချက်နေတာ။ အိမ်က သွပ်မိုးပျဥ်ထောင်အိမ်” လို့ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗုံးထိမှန်လို့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနဲ့ အသက် ၄၀ အရွယ် ချွေးမဖြစ်သူတို့ ဒဏ်ရာရခဲ့ပြီး အမျိုးသမီးကြီးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ဧပြီ ၃ ရက်ကလည်း မြောင်မြို့နယ်၊ နဘက်ကျေးရွာကို ဗုံးကြဲခံရပြီး မိန်းကလေးငယ် ၁ ဦး သေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း