မြစ်ခြေမှာ စစ်တပ်ကအင်အားရာကျော်နဲ့ စစ်ကြောင်းထိုးပြီး ရွာ ၆ ရွာကိုမီးရှို့ထား

0 24
0 24

ပခုက္ကူ၊ မေ ၁၄၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသကို စစ်ကော်မရှင်တပ်က အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး ရွာ ၆ ရွာကိုလည်းမီးရှို့ထားတယ်လို့ အဲ့ဒီဒေသအခြေစိုက် PDF တာဝန်ရှိသူတွေက ပြောပါတယ်။

မေ ၁၀ ရက်ကစတင်ပြီး ညောင်ဦး ခလရ ၄၁၅ တပ်ကနေထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါစစ်ကြောင်းက ရေလမ်းကြောင်းကစစ်ကြောင်းထိုးလာတဲ့အပြင် ပခုက္ကူ တပ်မ ၁၀၁ နဲ့ အောင်လံမြို့ပေါ် ပျူစောထီးတွေအပါ အင်အားပေါင်း ၂၅၀ ပါစစ်ကြောင်းကလည်း ကုန်းလမ်းကတဆင့် စစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။

“စစ်ကြောင်းအင်အားက အများကြီးဆိုတော့ ဖြန့်ထားတာ။ စစ်တိုက်တဲ့အကြောင်းက ရှေ့ကအကြောင်း နောက်ကပါတဲ့အကြောင်းက ပစ္စည်းတွေသယ်ထုတ်။ လိုချင်တာသယ်ယူ။ သယ်လို့ကုန်ပြီဆိုမှ မီးရှို့တာ။” လို့ ဒေသအခြေစိုက် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းတွေဟာ မေ ၁၀ ရက်ကစတင်ပြီး မေလ ၁၄ ရက် မနက်ပိုင်းအထိ လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျဥ်ရွာ၊ ညောင်ပင်၊ အင်းဝိုင်းရွာတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

မီးရှို့ခံရတာကြောင့် အထက်ပါကျေးရွာတွေက အိမ်ခြေ ၁,၀၀၀ ကျော်မီးလောင်ပျက်စီးနိုင်ပြီး စစ်ကြောင်းပြန်မထွက်သေးတဲ့အတွက် နယ်မြေမရှင်းလင်းနိုင်သေးတာကြောင့် အသေးစိတ်ကို မစိစစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာတဲ့ ၅ ရက်တာအတွင်း စစ်ကော်မရှင်စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ထားပြီး ထိခိုက်သေဆုံးအခြေနေကိုတော့ လတ်တလော ထုတ်ပြန်လို့မရသေးဘူးလို့ အထက်ပါတပ်ဖွဲ့ဝင်က ဆိုပါတယ်။

စစ်ကြောင်းဝင် မီးရှို့နေတာကြောင့် လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျဥ်ရွာ၊ ညောင်ပင်၊ အင်းဝိုင်းရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာမှာ စစ်ကော်မရှင်တပ်က မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀၀ ကျော်မီးလောင်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။