စျေးကွက်ကျဆင်းလာလို့ သနပ်ခါးအစား လျှော်ဖြူပင်တွေ အစားထိုးစိုက်လာ

0 1
0 1

မကွေး၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ စီးပွားဖြစ် စိုက်ပျိုးထားတဲ့ သနပ်ခါးခြံတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ဝယ်လက်ရှားပါးလာပြီး သနပ်ခါးဈေးကွက်လည်း ကျဆင်းနေတယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်က သနပ်ခါး ၁ ပင်ကို အပင်ကောင်းရင် ကောင်းသလို ကျပ် ၂၀,၀၀၀၊ ၃၀,၀၀၀ ကနေ အခုချိန်မှာ သနပ်ခါး ၁ ပင်ကို ၄,၀၀၀၊ ၅,၀၀၀ ကနေ ၁၀,၀၀၀ လောက်ပဲ ရရှိတယ်လို့ သိရပါတယ်။

“အများဆုံး ၁ သောင်းလောက်ပေါ့ဗျာ၊ အနိမ့်ဆုံးစျေးနှုန်းက ၄,၀၀၀၊ ၅,၀၀၀ လောက်ထိဘဲ ရတော့တာပါ”လို့ ရေစကြို ဒေသခံတဦးမှ ပြောပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဈေးကွက်ကျဆင်းလာတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ဝယ်လက်များလည်းရှားပါးလာတယ်လို့ ဆိုပါတယ်။

“အာဏာမသိမ်းခင်က သနပ်ခါးစျေးကွက် အထိုက်အလျောက်တော့ ရောင်းရပါတယ်ဗျ။ ခုကျတော့ လမ်းပန်းဆက်သွယ်ရေးက အရင်ကလို လွယ်လွယ်ကူကူသွားလာလို့ မရတာတွေရယ်ကြောင့် သနပ်ခါး စျေးကွက်က ဝယ်လက်ရှားပါးလာခဲ့ပါတယ်”လို့ သနပ်ခါးဈေးကွက်အကြောင်းသိသူ ဒေသခံတဦးက ပြောပါတယ်။

ရှင်မတောင် သနပ်ခါးက ဆေးဘက်ဝင်ခြင်း၊ အသားရည်ကို ချောမွေ့ခြင်း၊ နေလောင်ဒဏ်ကာကွယ်ပေးခြင်း၊ မွှေးပျံ့ခြင်း စတဲ့ အကျိုးကျေးဇူးတွေရှိတဲ့အပြင် အခြားဒေသမှ သနပ်ခါးများကဲ့သို့ အဝါရောင်မဟုတ်ဘူးလို့ ဆိုပါတယ်။

သနပ်ခါး ၁ ပင်ကို အနည်းဆုံး ၈ နှစ်ကနေ ၁၅ နှစ်လောက် အထိ စိုက်ပျိုးရပြီး သနပ်ခါး ၁ ခြံ စိုက်ပျိုးဖို့ဆိုရင် နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုအနေနဲ့ သိန်းရာချီ ငွေကုန်ကျတယ်လို့ ‌သိရပါတယ်။

“သနပ်ခါးတခြံ စိုက်ပျိုးဖို့ဆိုရင် သိန်းရာချီ ငွေကုန်ကျပါတယ်ဗျ။ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခု အနေနဲ့လုပ်ထားရတဲ့ ကုန်ကျစရိတ်တွေအလွန်များပါတယ်”လို့ သူက ဆက်ပြောပါတယ်။

သနပ်ခါးဈေးကွက် ကျဆင်းလာတဲ့အခါ သနပ်ခါးပင်အစား လျှော်ဖြူပင်များကို အစားထိုးပြီး စိုက်ပျိုးသော်လည်း လျှော်ဖြူဈေးကွက်ကလည်း အဆင်မပြေဘူးဖြစ်နေတယ်လို့ သိရပါတယ်။

သနပ်ခါးပင် တူးပြီး လျှော်ဖြူစိုက်ပြန်တော့လည်း လျှော်ဖြူစျေးကွက်က မရှိ‌တော့တဲ့အခါကြောင့် တောင်သူတွေအနေနဲ့ စုပ်လည်းစူး စားလည်းရူးဘဝ ရောက်နေကြပါပြီ”လို့ ရေစကြို ဒေသခံတဦးမှ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင် အချိန်ပေးရနည်းတဲ့ ရယ်ဒီမိတ်ပစ္စည်းတွေ များပြားလာခြင်းကြောင့် သနပ်ခါး ဈေးကွက်နည်းလာရတယ်လို့ သိရပါတယ်။

သနပ်ခါးက မြန်မာ့ယဉ်ကျေးမှုဖြစ်တဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပြီး သနပ်ခါးနဲ့ပတ်သက်တဲ့ အလှကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်အောင် ကူညီပေးသင့်တယ်လို့ ရေစကြို ဒေသခံတဦးက ပြောပါတယ်။

သတင်း – မြတ်သော်တာ၊ စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။