27 July 2026 2:25 PM

ရွှေဘိုထောင်ကလွတ်လာတဲ့ နိုင်ကျဥ်းတွေကို ရဲတပ်ဖွဲ့ကစောင့်ဖမ်းပြီး ပြန်ချုပ်နှောင်ထား

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘိုအကျဥ်းထောင်မှ လွတ်ရက်စေ့ပြီးလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေကထပ်မံဖမ်းဆီးပြီးချုပ်နှောင်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ဆီက သိရပါတယ်။

၂၀၂၄ အောက်တိုဘာ ကနေ ၂၀၂၅ ဇန်နဝါရီ ပထမပတ်အတွင်း ထောင်ကလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား ၁၅ ဦး ထပ်မံဖမ်းဆီးခံရတာဖြစ်ပြီး အများစုမှာအမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ထောင်ကလွတ်ရက်စေ့တဲ့အချိန်မှာ ထောင်ဗူးဝအထွက်ကနေပဲ မြို့မရဲစခန်းက လာရောက် ခေါ်ဆောင်တာပါ။ ပြီးတော့ဘာပုဒ်မမှ မတပ်ပဲနဲ့ကို ဖမ်းဆီးထိန်းသိမ်းထားတာ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ကျဥ်းတွေကို ရွှေဘိုမြို့မရဲစခန်းနဲ့ စခန်းအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲထားတဲ့ မှန်သာဘုန်းကြီးကျောင်းအတွင်းမှာ အသီးသီး ချုပ်နှောင်ထားတာလို့ သူကဆက်ပြောပါတယ်။

“ငွေကြေးတတ်နိုင်တဲ့တချို့ကတော့ ငွေကြေးနဲ့ စကစနဲ့ ရဲအရာရှိတွေကိုပေးပြီးမှ ခေါ်ထုတ်နိုင်တာမျိုး ရှိတယ်”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပြန်လည်ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်ထားပြီး အခုလိုအ‌ခြေအနေတွေဟာ လွတ်ရက်စေ့ပေမယ့်လည်း လွတ်လပ်စွာသွားလာခွင့်ကို ပေါ်ပေါ်တင်တင်ချိုးဖောက်ခံနေရတာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

အခုလို ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားနိုင်မှုတွေမဖြစ်ပေါ်ရန် ထိထိရောက်ရောက် တားဆီးပေးနိုင်တဲ့ အခြေအနေတွေရှိမနေတဲ့အတွက် တတ်စွမ်းတဲ့အဖွဲ့အစည်းတွေအနေနဲ့ တားဆီးရှုံ့ချတာနဲ့ အရေးယူတာတွေကို ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့ကိုလည်း PPNM ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၈,၂၀၂ ဦးရှိပြီး အဲ့ဒီထဲမှာ ၂၁,၄၉၃ ဦးက ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။