အုတ်ဖိုမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ထောက်တိုင်ဆိုသူ ၂ ဦးသေဆုံး

0 11
0 11

အုတ်ဖို၊ မေ ၆၊ ၂၀၂၆ ။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ပြည်တော်အေးရွာမှာ သေနတ်ပစ်ခတ်မှုတွေဖြစ်ပြီး စစ်တပ်ထောက်တိုင်ဆိုသူ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ ဆီက သိရပါတယ်။

သေဆုံးသူတွေဟာ စစ်တပ်ထောက်တိုင်ဆိုသူ ပြည်တော်အေးကျေးရွာနေ အောင်ဇော်နဲ့ ဝိုင်းကျေးရွာနေ ကျော်ဦး တို့ ဖြစ်ပြီး မေလ ၆ ရက် ယမန်နေ့ နေ့လယ် ၁ နာရီခန့်မှာ ပြည်တော်အေးကျေးရွာရှိ အောင်ဇော် ရဲ့နေအိမ်တွင်းကို PDF တွေက ဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားချိန် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

” ကျနော်တို့ အိမ်ထဲကို၀င်၀င်ချင်း ကျနော်တို့ကိုအရင်စပြီးတော့ ပစ်တယ်ပေါ့။ ပစ်ရင်းနဲ့ ကျနော်တို့ရဲဘော်တွေဘက်ကလည်း ပြန်လည်ခုခံရင်းနဲ့ အပြန်အလှန်ပစ်ခတ်မှု ခနလေးတော့ဖြစ်သွားတယ်။ သူ့ဘက်ကတော့ အရင်စပစ်တယ်။ ကျနော်တို့ဘက်က ပြန်ပစ်လိုက်တယ်။ ပြန်ပစ်ပြီးကာမှ ငြိမ်သွားပြီဆိုမှ ရှင်းလင်းရေးလည်း လုပ်လည်းလုပ်ရော ၂ ယောက်စလုံးပွဲချင်းပြီးသွားတယ်ပေါ့” လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ ဒုတပ်ခွဲမှူး ကျားကြီးက မြေလတ်အသံကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နေအိမ်တွင်းမှာရှိနေတဲ့ ကျော်ဦး နဲ့ အောင်ဇော် တို့ နေရာမှာပဲသေဆုံးခဲ့ပြီး ၎င်းတို့ဆီက ခါးချိုးအတို လက်လုပ်သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည် ၆ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံးကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

” သူ့တို့ စကစအထိုင်စခန်းနားမှာနေတာဗျ ဆက်သွယ်(သတိပေး)ဖို့ခက်ခဲတယ်ဗျ။ ၂ ဦးစလုံးက အတူတူပဲ နေထိုင်လုပ်ကိုင်ကြတာ။ အုပ်ချုပ်ရေးမှူး‌တွေမဟုတ်ဘူး။ ကျော်ဦးဆိုတဲ့သူက သူ့တူက ရဲဗျ။ အဲ့အရှိန်လည်းပါတယ်။ အောင်ဇော်က ကျော်ဦးနဲ့ ပေါင်းလုပ်တာ” လို့ သူက ဆက်ပြောပါတယ်။

သေဆုံးသူတွေဟာ စစ်တပ်စစ်ကြာင်းထိုးဖို့ လှုံ့ဆော်တာ၊ လမ်းသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ လောင်းကစားဝိုင်း‌တွေကို စစ်တပ်နဲ့ပေါင်းပြီး ငွေကောက်ခံတာ‌တွေလုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေက အရေးယူဖို့တိုင်ကြားလာလို့ ဖမ်းဆီးဖို့သွားရောက်ချိန် ပြန်လည်ခုခံတာကြောင့် အခုလို အသေပစ်ခတ်ခဲ့တာလို့ တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ၂၁ ရက် ညနေပိုင်းမှာလည်း ရှမ်းရွာမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် ဂျေကြီး(ခ)ဂျေမောင် ဦးဆောင်တဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ဖောကားကို သာလိကာကျေးရွာထိပ်မှာတားစီးချိန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ပျူစောထီးခေါင်းဆောင် သေဆုံးခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။