ညသန်းခေါင်နေအိမ်ပေါ် ဓားနဲ့ဝင်ထိုးလို့ သက်ကြီးပိုင်းအမျိုးသမီးသေဆုံး

0 29
0 29

မကွေး၊ မေ ၇၊ ၂၀၂၆။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ပုတီးကုန်းကျေးရွာမှာ နေအိမ်အတွင်းထိုးခံရပြီး သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၆ ရက်မနက် ၃ နာရီကျော်က နေအိမ်မှာအိပ်နေတဲ့ အသက် ၇၀ အရွယ် ဒေါ်လှိုင်နဲ့ ၃၇ နှစ်အရွယ် သားဖြစ်သူတို့ကို အမျိုးသား ၁ ဦးက နေအိမ်ပေါ်ထိတက်ပြီးဓားနဲ့ထိုးရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သားကအပြင်မှာအိပ်တယ်။ အမေက အိမ်ထဲမှာအိပ်တယ်။ အမေကိုထိုးသံအော်သံကြားတော့ သားကအိမ်ထဲဝင်လိုက်တော့ ဟိုကောင်(ဓားနဲ့ထိုးသူ)က အိမ်ပေါ်ကဆင်းဆင်းချင်းထိုးပြီး နပန်းလုံးကြသေးတာ။ အဲ့ကောင်လက်ထဲက ဓားလည်းရကော အဲ့ကောင်ကထွက်ပြေးသွားကော”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေါ်လှိုင်ကတော့ လည်ပင်းထိုးသွင်းဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့ကာ သားဖြစ်သူကတော့ လည်ပင်းအပါအဝင် ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာ ၆ ချက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဓားနဲ့ထိုးခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်လုပ်ခဲ့လဲဆိုတာကို မသိရသေးသလို လက်ရှိအချိန်အထိဖမ်းမိတာလည်းမရှိသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။

ခုလိုဓါးနဲ့ထိုးတာဟာ ဆွဲကြိုးတက်လုတာ၊ ရန်ငြိုးကြောင့်လာသတ်တာလို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပေမယ့် မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

အလောင်းကတော့ မေလ ၇ ရက်အထိ မကွေးပြည်သူ့ဆေးရုံမှာပဲထားရှိပြီး ဒဏ်ရာရသူမှာလည်း ဆက်လက်ဆေးကုသနေရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။