⁨⁩ ⁨အုပ်ချုပ်ရေးမှူးက ကျေးရွာ ၇ က ပြည်သူတွေထံကနေ စစ်မှုထမ်းကြေး အတင်းအကြပ်ကောက်ခံ

0 0
0 0

◾️ မပေးရင် စစ်မှုထမ်းထဲ ထည့်မယ်လို့ ခြိမ်းခြောက်

မြို့သစ်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၆။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးရွာ ၇ က ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေး အတင်းအကြပ်ကောက်ခံနေပြီး မပေးရင် စစ်မှုထမ်းထဲ ထည့်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မြို့မကျေးရွာမှာနေတဲ့ မြို့လုလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ပျူစောထီးအေးလွင်နဲ့ ဘိုလုံးတို့က ကျေးရွာအုပ်စုထဲက ရွာ ၇ ရွာက နေအိမ်တွေမှာ စစ်မှုထမ်းကြေးဆိုပြီး တအိမ်ထောင်ကို ကျပ် ၂၀၀၀၀ ကို လစဥ် ပေးရမယ်ဆိုပြီး အတင်းအကြပ်ကောက်ခံနေတာလို့ ဆိုပါတယ်။

“အသက် ၁၈ ကနေ ၃၅ နှစ်ရှိတဲ့ (အိမ်) နှစ်သောင်းကောက်တာမကဘူး။ အဘိုးကြီးအဘွားကြီးပဲရှိတဲ့ အိမ်လည်းကောက်တယ်။ စစ်မှုထမ်းကြေးကို သူတို့အဖွဲ့က တုတ်တွေဓားတွေကိုင်ပြီး တအိမ်တက်ဆင်း လိုက်ကောက်တာ။ မပေးရင် အသက် ၄၀ ကျော်တွေလည်း မဲပေါက်တယ်လုပ်ပြီး စစ်ထဲထည့်မှာဆိုတော့ ပေးကြရတာ။”လို့ မြို့မကျေးရွာနေ ပြည်သူတဦးကပြောပါတယ်။

မြို့သစ်မြို့နယ်ထဲက စစ်မှုထမ်းကြေးကောက်တဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာတွေရှိနေတာကြောင့် စစ်မှုထမ်းကြေးကို ယခင်ကကောက်ခံတာ မရှိပေမယ့် အောက်တိုဘာလကစတင်ပြီး ကောက်လာတာလို့ ဆိုပါတယ်။

စစ်မှုထမ်းကြေးမကောက်ခင် အုပ်ချုပ်ရေးမှုးက စစ်တပ်နဲ့ရဲတွေကို ခေါ်ယူပြီး အုပ်စုအတွင်းက ကျေးရွာတွေမှာ ကင်းလှည့်ခိုင်းတာ၊ အစစ်ဆေးလုပ်ခိုင်းတာနဲ့ ပေါ်တာဆွဲခိုင်းတာတွေလုပ်စေပြီးမှ စစ်မှုထမ်းကြေးကို စကောက်လာတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ လောက်က မြို့လုလင်ကျေးရွာအုပ်စုထဲက စျေးတန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ကိုဌေးဆိုသူကို လည်း စစ်မှုထမ်းအတွက် ဖမ်းဆီးသွားခဲ့တာကြောင့် စစ်မှုထမ်းကြေးကောက်ချိန် မပေးပဲ မနေရဲလို့ အကုန်ပေးနေရတယ်လို့ ဆိုပါတယ်။

မြို့လုလင်ကျေးရွာအုပ်စုမှာ မြို့မ၊ စျေးတန်း၊ ကွမ်းခြံ၊ စစ်တော၊ မြို့လုလင်၊ ချောင်းရိုး၊ ညောင်ဂုတ်တိုကျေးရွာတွေပါဝင်ပြီး အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။