ကန့်ဘလူ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘိုတိုက်နယ်ကို စစ်တပ်က စစ်ကြောင်းထိုးဗုံးကြဲနေတဲ့အတွက် ပြည်သူ ၅,၀၀၀ ကျော်တိမ်းရှောင်နေရတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက်မနက် ၇ နာရီခန့်မှာ ကောလင်းဘက်ကနေ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းဟာ ကိုးတောင်ဘိုရွာဘက်ကို စစ်ကြောင်းထိုးလာစဥ် Y 12 နဲ့ ဗုံးကြဲချသွားတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက ဂုံညှင်းရှိုဘက်ထိတော့ ရောက်နေပြီ။ စစ်ကြောင်းဝင်လာတော့ ကြိုတင်ပြီးလမ်းကြောင်းရှင်းတဲ့သဘောနဲ့ ဗုံးကြဲတာ။ အကြိမ်ရေကတော့ ၁၄ ကြိမ်လောက်ရှိတယ်။ တခါချ သုံးလေးလုံးလောက်ရှိမယ်။ ရွာသားတွေအခြေနေကတော့ အကုန်စစ်ရှောင်ရတာ”လို့ ကန့်ဘလူမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။
ဗုံးကြဲချမှုအတွင်း ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကတော့ မြေပြင်ဆက်သွယ်ရေးလိုင်းအခက်ခဲကြောင့် အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်တို့ ဒီကနေ့ နေ့လယ်ပိုင်းထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမရှိသေးဘဲ ဂုံညှင်းရှိုကနေ ရှေ့ဆက်တိုးလာဖို့လုပ်နေတယ်လို့ သိရပါတယ်။
စစ်ကြောင်းဝင်ဗုံးကြဲနေလို့ ကိုးတောင်ဘို-ချပ်သင်းလမ်းပိုင်းဘေးရှိ ကိုးတောင်ဘို၊ ကိုင်းမ၊ မိသလင်ကုန်း၊ ယောကုန်းအပါအဝင် ကျေးရွာ ၇ ရွာခန့်က ပြည်သူ ၅၀၀၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းတောနဲ့ချောင်းသာကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
သတင်း – မောင်မှိုင်း