ဝက်လက်၊ မေ ၆၊ ၂၀၂၆ ။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချက်ပြဲကျေးရွာ (ဒေသအခေါ်စခန်းသာ) ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
မေလ ၆ ရက် ဒီကနေ့ မနက် ၁ နာရီခန့်မှာ လေတပ်သုံးတိုက်လေယာဥ် ၃ စီးက ကျေးရွာနဲ့အနီးဝန်းကျင်ကို ဗုံး ၅ လုံးထက်မနည်းကြဲချခဲ့ရာ ကျေးရွာအတွင်းစားသောက်ဆိုင်နဲ့ ကျေးရွာနံဘေးနေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
” စားသောက်ဆိုင် ခရီးသည်ကားတွေနားတဲ့ဆိုင်။ ထမင်း၊ ဘီယာရတဲ့ဆိုင် အဲ့ဆိုင်ပေါ်ကျတာ။ ၃ ယောက်စလုံးသေတာ။ ဆိုင်ရှင်တွေပဲ “လို့ ဝက်လက်မြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


ဗုံးထိမှန်တာကြောင့် စားသောက်ဆိုင်ပိုင်ရှင်လင်မယားတွေဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသားနဲ့ အသက် ၄၈ နှစ် အမျိုးသမီး၊ သမက်ဖြစ်သူ အသက် ၃၀ အရွယ်အမျိုးသားတို့ သေဆုံးခဲ့ကာ ဆိုင်အတွင်းရှိနေတဲ့ ချက်ပြဲရွာနေ ၁၈ နှစ် ယောက်ျားလေး ၁ ဦး၊ အသက် ၇ နှစ်နဲ့ ၂၈ နှစ် မိန်းကလေး ၂ ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗုံးထိမှန်တဲ့ စားသောက်ဆိုင်နေအိမ်နဲ့ အခြားနေအိမ် ၂ လုံးလည်းပျက်စီးခဲ့ပြီး စစ်ကော်မရှင်တပ်က အရပ်သားပြည်သူနေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းသတိနဲ့ နေထိုင်နိုင်ကြဖို့ ပကဖက သတိပေးထုတ်ပြန်ထားပါတယ်။


မေလ ၄ ရက်မနက်ပိုင်းကလည်း ဝက်လက်မြို့နယ်၊ အုတ်ပုံရွာ ပြည်သူ့နေအိမ်နားကို စစ်ကော်မရှင်ဘက်က လွှတ်တင်တဲ့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။