⁩ ⁨ပဲခူးတိုင်းမှာ စက်သုံးဆီ ပြန်လည်ပြတ်လပ်လာလို့ ပြန်တန်းစီဝယ်ယူနေရ

0 1
0 1

◾️ ပြင်ပမှောင်ခို ဆီ ၁ လီတာ ကျပ် ၇၀၀၀ ကျော်ရှိလာ

ပဲခူး၊ နိုဝင်ဘာ ၁၁၊ ၂၀၂၆။

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ယခုရက်ပိုင်းအတွင်း စက်သုံးဆီတွေ ပြတ်လပ်လာလို့ ပြန်ပြီးတန်းစီဝယ်ယူနေရကာ ပြင်ပမှောင်ခို ဆီ ၁ လီတာ ကျပ် ၇၀၀၀ ကျော်ထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ဆီမရှိဟုဆိုကာ ပိတ်ထားတာတွေများလာပြီး ရောင်းချပေးတဲ့ဆိုင် နည်းပါးလာတာကြောင့် ပြန်လည်တန်းစီကာ တိုးဝယ်နေရတယ်လို့ ဆိုပါတယ်။

“ဆီကုန်သွားတယ်။ ဆီပြတ်နေတယ် အဲဒါတွေပဲ ပြောနေကြတာ။ သုံးလေးရက်လောက်ရှိနေပြီ။ ကြားထဲမှာ ရောင်းတဲ့ဆိုင်တော့ ရှိတယ်။ ပြန်တိုးဝယ်ရင်လည်း ရချင်မှ ရတာ။ ဆီစျေးနှုန်းတော့ (တရားဝင်) ၄၀၀၀ ကျော်ပဲ။ တိုးဝယ်မရရင် မှောင်ခိုမှာထည့်ပဲ ၅ ဂါလ တပုံး တသိန်း ၈ သောင်းဖြစ်နေပြီ”လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဆီဝယ်ယူမှု ပြဿနာမရှိစေဖို့ဆိုကာ QR ကုဒ်တွေနဲ့ ဆီရောင်းခိုင်းပြီး ဆိုင်ကယ်တစီးကို ၁ ပတ်မှာ ၈ လီတာ၊ အိမ်စီးကား ၁ စီး ၃၇ လီတာ၊ ကုန်တင်ယာဥ်နဲ့ ခရီးသည်တင်ယာဥ်တွေကို​တော့ ခရီးစဥ်အပေါ်မူတည်ပြီး ဆီထည့်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

စက်သုံးဆီပြတ်လပ်မှုဟာ ပဲခူးတိုင်းအတွင်းရှိမြို့နယ်အားလုံးနီးပါးမှာ ပြန်လည်ဖြစ်ပွားနေပြီး ပိတ်ထားတဲ့ဆိုင်တွေ များလာတာကြောင့် ပြည်သူတွေမှာ ဝယ်ယူရခက်ခဲ နေတယ်လို့ဆိုပါတယ်။

“ဆီက ခပ်ရှားရှားပဲ ပိတ်တဲ့ဆိုင်တွေတော့ ပိတ်ထားတယ်။ ရောင်းတဲ့ဆိုင်တွေတော့ ရောင်းတယ်။ ဆီကမရှိဘူးပဲပြောတော့ ရောင်းတဲ့ဆိုင်မှာပဲ သွားတိုးနေကြရတာ။ QR ကုဒ်နဲ့ပဲရောင်းပေးပေမယ့် မရတာများတာ။ ဟိုရက်ပိုင်းကဆို တန်းစီတိုးပြီး ဝယ်ယူနေရတယ်”လို့ တောင်ငူမြို့ခံတဦးက ပြောပါတယ်။

လတ်တလောမှာ ဆီဆိုင်ကြီးတွေမှာ ဆီပြတ်လပ်မှုတွေကြောင့် တန်းစီမဝယ်နိုင်တဲ့ပြည်သူတွေက ပြင်ပမှောင်ခိုစျေးမှာ တလီတာ ၇၀၀၀ ကျော်ပေးကာ ဝယ်ယူအသုံးပြုနေကြရတယ်လို့ သိရပါတယ်။

ဆီဆိုင်ကြီးတွေမှာသာ ဆီပြတ်လပ်နေပေမယ့် ပြင်ပမှောင်ခို ဆီဆိုင်တွေမှာတော့ လိုသလောက်ဝယ်ယူလို့ရနေပြီး ကန့်သတ်ထားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ယခုတပတ်အတွင်း ပဲခူးတိုင်းအတွင်း စက်သုံးဆီရောင်းစျေးမှာ 92 – ၁ တလီတာ ၄၅၄၅ ကျပ်၊ 95 – ၁ လီတာ ၄၅၆၅ ကျပ်၊ ဒီဇယ် ၅၅၃၅ ကျပ်နှုန်းနဲ့ သတ်မှတ်ရောင်းချနေတယ်လို့ သိရပါတယ်။

သတင်း – မောင်မှိုင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။