အင်အားသုံးမီးရှို့ခံရတဲ့ ရွာ ၂ ရွာက ဒေသခံတွေ အကူအညီလိုအပ်နေ

0 10
0 10

ဆိပ်ဖြူ၊ ဧပြီ ၃၀၊၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဇီးဖြူကောင်းရွာနဲ့ ရေပုတ်ရွာတွေက နေအိမ်တွေကို စစ်ကော်မရှင်တပ်ကမီးရှို့ခဲ့တာကြောင့် ဒေသခံတွေ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကစတင်ပြီး အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အထက်ပါကျေးရွာတွေကို တပြိုင်တည်းဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၈၇ လုံးခန့် မီးလောင်ပျက်စီးခဲ့တာလို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“အခုလက်ရှိအခြေအနေက အားလုံးရှောင်နေရတယ်၊ ယာယီဖြစ်မလား၊ ရေရှည်ဖြစ်မလားက စစ်ရေးအပေါ် မူတည်နေတယ်၊ အရေးပေါ် (လိုအပ်တာ)က မိုးကာ၊ အိုးခွက်၊ အိမ်သုံးပစ္စည်းတွေနဲ့ ရိက္ခာပေါ့”လို့ အထက်ပါတာဝန်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

အဲ့ဒီကျေးရွာ ၂ ရွာက ဒေသခံ ၁,၀၀၀ ခန့်ဟာ မီးမလောင်ဘဲကျန်ခဲ့တဲ့ အိမ်တွေမှာ ယာယီနေထိုင်တာတွေရှိသလို အမိုးအကာမရှိဘဲ ရွာအပြင်တွေမှာနေထိုင်ကြရတဲ့ လူဦးရေအများအပြားရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ကြက်သွန်ဂိုဒေါင်တွေကိုပါမီးရှို့ခဲ့တာကြောင့် ကြက်သွန်တင်း ၇၀,၀၀၀ မြန်မာငွေ သိန်း ၁ ထောင်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

“လက်ရှိ နေစရာက ဖြစ်သလိုပဲနေနေရတာပေါ့လေ။ အစားအသောက်ကိုကျ ဘေးရွာတွေက ကူညီကြပါတယ်”လို့ ဒေသခံဖြစ်သူ ကိုဟိန်းက ပြောပါတယ်။

မီးဘေးသင့်ဒေသခံတွေထဲမှာ သက်ကြီးပိုင်းတွေလည်းပါတာကြောင့် ဆေးကုသမှုအကူအညီတွေလည်း လိုအပ်နေတယ်လို့ အထက်ပါဒေသခံကဆိုပါတယ်။

ဆိပ်ဖြူမြို့နယ်၊ ဇီးဖြူကောင်းရွာနဲ့ ရေပုတ်ရွာတွေကို ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ၊ အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အမှတ် ၂၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတို့ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းက မီးရှို့ခဲ့တာဖြစ်တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။