အင်းတော်၊ ဧပြီလ ၃၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့နဲ့ ၆ မိုင်အကွာရှိ နဘားလမ်းဆုံထိ စစ်ကော်မရှင် စစ်ကြောင်းရောက်ရှိလာပြီး တချို့ကအင်းတော်မြို့ထဲကိုဝင်ရောက်နေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၉ ရက်ညနေ ၃ နာရီခန့်မှာ ကသာမြို့ကနေထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာ နဘားလမ်းဆုံအထိရောက်လာပြီးနောက် အင်အားဖြန့်ကျက်ထားကာ ဧပြီ ၃၀ ရက်ဒီမနက်မှာ အင်အားတချို့က အင်းတော်မြို့ထဲကို ဝင်ရောက်သွားပြီး တချို့ကတော့ နဘားရွာဘုန်းကြီးကျောင်းအနီးမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက နဘားရောက်နေပြီ။ အင်းတော်ဘက်တောင် တချို့တဝက်ထွက်ခွာနေပြီ။ အင်းတော်ထဲမှာ ဘာမှတော့ရစရာမရှိဘူး။ မြို့ကပျက်နေပြီးသား။ တပ်မ ၇၇ ကုန်းကလည်း ပျက်စီးနေပြီး။ ဓာတ်ပုံသွားရိုက်မလို့လားမသိဘူး။ မြို့ထဲမှာက ပြည်သူလည်းမရှိဘူး။ တော်လှန်ရေးအဖွဲ့တွေလည်း မရှိဘူး။ ဒီမနက်မြို့ထဲတော့ရောက်လောက်ပြီ”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
နဘားလမ်းဆုံဟာ အင်းတော်မြို့နဲ့ကားလမ်းအတိုင်း ၆ မိုင်၊ လယ်ကွင်းတွေကိုဖြတ်သွားပါက ၁ မိုင်သာဝေးကွာတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ ဧပြီ ၂၁ ရက်ကတည်းက ကသာမြို့ကနေ အင်အား ၃၀၀ ကျော်နဲ့ အင်းတော်ဘက်ကို ထွက်လာတာဖြစ်ပြီး လမ်းတလျှောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ကသာနဲ့အင်းတော်မြို့ဟာ ဆိုင်ကယ်နဲ့သွားပါက ၄၅ မိနစ်ခန့်သာ ကြာမြင့်တဲ့ခရီးဖြစ်ပေမယ့် စစ်ကော်မရှင်စစ်ကြောင်းက ၉ ရက်နီးပါးလာခဲ့ရတယ်လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကြောင်းကြောင့် မော်လူးမြို့၊ နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတော၊ နန်းတောင်၊ ကျော်ရွာ စတဲ့ရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာ ဧပြီ ၂၁ ရက်ကတညကစတင်ပြီး တဖြည်းဖြည်းနဲ့ကျေးရွာတွေကိုစွန့်ခွာပြီး ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အင်းတော်မြို့နယ်ကို ၂၀၂၅ ဧပြီလမှာ ဒေသခံကာကွယ်ရေးတပ်တွေကသိမ်းယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက မြို့ခံအများစုကတော့ အင်းတော်မြို့ထဲမှာပြန်လည်နေထိုင်တာ မရှိကြဘူးလို့ သိရပါတယ်။
စာတည်း – လင်း