11 July 2026 1:13 PM

ချောင်းဦးမှာ တရက်တည်း အကြိမ်ကြိမ်အတိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးဟုဆို

0 1
0 1

စစ်ကိုင်း၊ မေ ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေနဲ့ ကျေးရွာတွေဖက်မှာ မိုင်းရှင်းလင်းရေးလုပ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၉ ရက် မနက် ၆ နာရီကနေ ည ၈ နာရီကျော်အထိ တိုက်ခိုက်ခံရတာကြောင့် တရက်တည်း စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့တယ်လို့ ချောင်းဦး PDF တာဝန်ရှိသူက ပြောပါတယ်။

မေလ ၉ ရက်နံနက် ၆ နာရီကျော်အချိန်မှာ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေထဲက တပ်သားတဦးမှာ မုန့်စားထွက်လာချိန် PDF တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးပြီး သူ့ရဲ့ ၃၀ လက်မ ကာဘိုင်သေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၁၄) တောင့် သိမ်းဆည်း ရမိခဲ့တယ်လို့ CHU PDF မှ ရဲဘော်တဦးက ပြောပါတယ်။

“ကျောင်းထဲက စကစတကောင်က အပြင်ထွက်ပြီးတော့ မုန့်ဟင်းခါးဝယ်စားနေတာဗျ။ သူက မုန့်ဟင်းခါးတောင် မစားလိုက်ရဘူး။ ကျနော်တို့က သွားပြီးပစ်ခတ်လိုက်တာ။ နေရာတင်ပွဲချင်းပြီးတယ်။ သူ့ရဲ့လက်နက်နဲ့ ကျည်တွေပါရခဲ့တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့ ညနေ ၄ နာရီကျော်အချိန်မှာပဲ ချောင်းဦးမြို့နဲ့ အောင်ချမ်းသာကျေးရွာကြား မိုင်းရှင်းလင်းဖို့ထွက်လာတဲ့ အင်အား ၃၀ ဦးခန့်ပါ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

“စကစတွေ မိုင်းဆွဲခံရပြီးတာနဲ့ အောင်ချမ်းသာရွာကိုဝင်ပြီး နေအိမ်တွေမီးရှို့ခဲ့လို့ အိမ် ၁၂ လုံး လောင်ကျွမ်းသွားတယ်ဗျ။ စကစတွေ သေဆုံး၊ ဒဏ်ရာရတာကို ဆေးရုံကဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာပါ။ မနေ့ကဆိုရင် စကစတွေလမ်းကြောင်းရှိတယ်ထင်တယ်။ ဘာဖြစ်လို့ဆိုတော့ မုံရွာနဲ့မန္တလေး ကားလမ်းတလျောက်မှာ နေရာယူထားတာ အင်အား၂၀၀ ကျော်လောက်ရှိတယ်ဗျ။ မနေ့ကတရက်တည်းမှာ စကစတွေ ၄ ကြိမ် တိုက်ခိုက်ခံရလို့ သေဆုံး၊ ဒဏ်ရရတာတွေ တော်တော်များနိုင်တယ်” လို့ ဆိုပါတယ်။

အလားတူ ညနေ ၅ နာရီကျော်အချိန်မှာ နတ်ရေကန်ကျေးရွာအထိုင်စခန်းက မိုင်းရှင်းထွက်လာတဲ့ အင်အား၂၀ ခန့်ပါစစ်ကြောင်းကို ငါးယုန်ကျေးရွာရဲ့အနောက်ဖက်မှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် ည ၈နာရီကျော်ချိန်မှာ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စကစတပ်သား ၁၀ ဦးပါစစ်ကြောင်းကို ငါးယုန်ရွာနဲ့ သန်းပင်ကန်ရွာကြားမှာ နောက်ထပ်မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံး၊ ဒဏ်ရာရမှုကို မသိရှိရပေမယ့် ဒဏ်ရာရသူဟု ယူဆရတဲ့ တပ်သားတွေကို သံပြားတွေကာထားတဲ့ စစ်သုံးဖောကား တစီးနဲ့တင်လာပြီး ဆေးရုံကိုဝင်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ ဦးစီးပြီး မုံရွာခရိုင် တပ်ရင်း ၆၊ Chaung U People Defence Force (CHUPDF) တပ်ခွဲ (၆)၊ (၄)(မိုင်းတပ်ခွဲ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။