ရွှေဘိုနယ်ကို စစ်ကြောင်းထိုးဗုံးကြဲနေလို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၈၀၀၀ ကျော် ထွက်ပြေးနေရ

0 0
0 0

ရွှေဘို၊ အောက်တိုဘာ ၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ကင်းပြား၊ အိုးဘို၊ ချီပါရွာတွေဘက်ကို စစ်ကြောင်းထိုးဗုံးကြဲနေလို့ ပြည်သူ ၃ ဦးသေဆုံးထားပြီး ၈,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

စက်တင်ဘာလ (၂၇) ရက်နေ့မှာ ရွှေဘိုကနေ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ မင်းကုန်းကိုရောက်လာပြီးနောက် ချီပါရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းနေ အသက် (၄၀) ကနေ (၅၀) ကြားအရွယ် အမျိုးသမီး (၁) ဦး၊ အမျိုးသား (၂) ဦးသေဆုံးခဲ့ပြီး ကလေးငယ် (၁) ဦးအပါအဝင် အသက် (၃၀) ကနေ (၅၀) ကြား အမျိုးသား (၃) ဦး၊ အမျိုးသမီး (၃) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၈) ရက်နေ့မှာတော့ မင်းကုန်းကနေ တဆင့် ကင်းပြား၊ အိုးဘိုကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး အိုးဘိုကျေးရွာအနီး မြို့နယ်ပကဖ ကင်းစခန်းတစ်ခုကို သိမ်းယူခံရကာ အဲဒီတိုက်ပွဲမှာ ပကဖ အဖွဲ့ဝင်တွေ ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းဟာ အိုးဘို၊ ကင်းပြားရွာတွေမှာ ယနေ့ အောက်တိုဘာလ (၂) ရက်နေ့အထိ အထိုင်ချထားပြီး ချီပါကျေးရွာဘက်ကို နေ့စဥ်ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“လက်ရှိအထိုင်ချထားတဲ့ရွာတွေကနေ ရှေ့ဆက်မတိုးသေးဘူး။ နေ့တိုင်းတော့ ချီပါဘက်ကို လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်။ အခုမနက်ကို မာတီနဲ့ သုံးကြိမ်၊ ဗုံး ၂ ကြိမ်ချထားတယ်။ လက်ရှိတော့ နှစ်ဖက်စစ်ဆိုင်ထားတဲ့အခြေနေရှိတယ်။ သူတို့ဝင်လာကတည်းက တနေ့ကို အနည်းဆုံးသုံးလေးကြိမ် အများဆုံး ၇ ကြိမ် ၈ ကြိမ် ဗုံးချနေတာ” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ဘက်က စစ်ကြောင်းထိုးလာချိန် ထိတွေ့တိုက်ပွဲအချို့လည်းဖြစ်ထားပြီး လုံခြုံရေးအခြေအနေအရ အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးပြီး ဒရုန်းတွေနဲ့ချနေတာကြောင့် အိမ်ခြေ (၃၀၀) ကနေ (၇၀၀) ကြားရှိတဲ့ ချီပါ တောင်ရွာ၊ ချီပါ မြော​က်ရွာ၊ အိုးဘို၊ ကင်းပြားရွာတွေက ဒေသခံ ပြည်သူ (၈,၀၀၀) ကျော်ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၆) ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရေသန့်စက်ဖွင့်ပွဲလုပ်နေချိန် ဗုံးကြဲခံရလို့ သံဃာတပါးအပါအဝင် (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။