ဝက်လက်၊ စက်တင်ဘာ ၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကန်ပေါက်ကျေးရွာမှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ခွဲခန့်မှာ ရွှေဘို လေ့ကျင့်ရေး (၈) တပ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းနှစ်စီးအနက် တစ်စီးဟာ ကျေးရွာထဲက နေအိမ်အနားကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ပထမတစ်စီးတက်လာပြီးကတည်းက ပျောက်နေတာ။ ပြီးမှ ကျနော်အိမ်ရဲ့ လက်ဝဲဘက်က မကျည်းပင်ကိုဝင်တိုက်ကွဲပြီးတော့ အစက ကောင်လေး ခေါင်းကိုစိုက်ဝင်သွားတာ။ သူက ကွဲတဲ့နားက အနောက်ဘက်အိမ်မှာ သူငယ်ချင်းနှစ်ယောက်ထိုင်နေတာမှာ ထပြေးတာမှာ ထိတာ”လို့ ရွာခံတဦးက ပြောပါတယ်။
အသေခံဒရုန်းပေါက်ကွဲလို့ အသက် ၂၉ နှစ်အရွယ် ကိုဖြိုးမှာ ဦးခေါင်းပေါက်ကွဲစမှန်ပြီး နေရာမှာပင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုဖြစ်တဲ့ နေရာအနီးက နေအိမ်တစ်လုံးက ခေါင်မိုးမီးစွဲလောင်သွားပြီး ကျေးရွာက ပြည်သူတွေက အချိန်မီငြိမ်းသတ်လိုက်နိုင်တယ်လို့ သိရပါတယ်။.
သေဆုံးသွားတဲ့ ကိုဖြိုးရဲ့နာရေးကိုတော့ စက်တင်ဘာလ ၄ ရက်နေ့ညနေပိုင်းမှာပြုလုပ်ပြီးစီးပြီးဖြစ်ကာ နောက်ထပ်ဒရုန်းလာချမှာ စိုးရိမ်သူတွေက ဘေးလွတ်ရာကို တိမ်းရှောင်ကြတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ညောင်ကြီးတောနဲ့ ကူကောင်းကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်ခံရပြီး ကူကောင်းကျေးရွာက နေအိမ်ထဲနေနေတဲ့ သက်ကြီးအမျိုးသမီးတစ်ဦး ရောကတ်ထိမှန်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – စိုးဦး