ချောင်းဦးမှာ ပစ်ခတ်ခံရတာနဲ့ မိုင်းထိတာကြောင့် ပြည်သူ ၃ ဦး သေဆုံး

0 1
0 1

ချောင်းဦး၊ စက်တင်ဘာ ၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ ပစ်ခတ်ခံရတာနဲ့ မိုင်းထိတာတွေကြောင့် ပြည်သူ ၃ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီခန့်မှာ ခင်မွန်ကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ပြန်ဆုတ်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာအနီးကို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သားအဖ ၂ ဦးကို ထိမှန်ခဲ့သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အလားတူ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီခန့်မှာလည်း ကျေးရွာထိပ် ဆိုင်းဘုတ်နားမှာ မိုင်းထိလို့ အမျိုးသား ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲပြီးနောက်ပိုင်းမှာ ပစ်ခတ်ခံရတာ။ ခင်မွန်ကိုတော့ * က အဲအတိုင်းပဲလုပ်နေတာ။ မသင်္ကာရင်မေးလို့ ရရင်ရ မရရင်ပစ်သတ်တာ။ ဒီမနက်လည်း ရွာထိပ်ဆိုင်းဘုတ်နားမှာ အလုပ်သွားတဲ့ လူငယ်တဦးမိုင်းထိသေ သေးတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်က ပစ်ခတ်လို့ ကျည်ထိမှန်သေဆုံးခဲ့သူတွေကတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးနဲ့ ဖခင်ဖြစ်သူ အသက် ၇၀ အရွယ် အမျိုးသားတို့ ဖြစ်ပြီး မိုင်းထိသေဆုံးခဲ့တာကတော့ အသက် ၂၇ နှစ်အရွယ် ကိုလှိုင်မင်းသိန်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

လူငယ်သေဆုံးစေခဲ့တဲ့ မိုင်းကတော့ ဘယ်အဖွဲ့ကထောင်ထားတဲ့မိုင်းဆိုတာ မသိရသေးဘဲ ကျေးရွာအနီးတိုက်ပွဲကြောင့် ​ဒေသခံအချို့ ကျေးရွာကနေ တိမ်းရှောင်ကြသလို နေအိမ်တွေမှာ ကျန်ရစ်နေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းမှာ ရွေဒါးကျ၊ ခင်မွန်၊ မုံရွေးကျေးရွာတွေအနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ့ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုကို မသိရသေးသလို စက်တင်ဘာလ ၂ ရက်နေ့အထိ စစ်ရေးဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့မှာ ရွှေဒါးကျကျေးရွာထဲက နေအိမ် ၁၀ လုံးထက်မနည်းမီးရှို့ခံရသလို စစ်ကြောင်းထိုးတာနဲ့တိုက်ပွဲတွေကြောင့် အိမ်ခြေ ၂၀၀ ကနေ ၅၀၀ ခန့်ထိရှိတဲ့ မုံရွာမြို့နယ်၊ ချောင်းဆုံ၊ သစ်ဆိပ့်၊ ချောင်းဦးမြို့နယ် ရွှေဒါးကျ၊ ချောင်းပဒေါက်၊ ထန်းတောကြီး၊ ဗုံတို၊ ညောင်ပင်လှ၊ ကျီကုန်း အရှေ့၊ ကျီကုန်းအနောက်အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က လူဦးရေ ၇၀၀၀ ဝန်းကျင်ဟာ ကျေးရွာတွေကို ပြန်မဝင်နိုင်သေးဘုးလို့ သိရပါတယ်။


စာတည်း-စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။