မကွေး၊ မေ ၂၅၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ် ၂၅၂ ခြေလျင်တပ်ရင်းက စစ်ကော်မရှင်တပ်သား ၂ ဦး Cobra One Pakokku တပ်ဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ မေ ၂၄ ရက်မှာ အဲ့ဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၂၀ ဆင်းပြီးနောက် ခလရ ၂၅၂ မှာတာဝန်ထမ်းဆောင်နေကြတဲ့ တပ်သားကျော်ဇောထွေးနဲ့ တပ်သားဝင်းသန့်နိုင်တို့ဟာ မေ ၂၁ ရက်နဲ့ ၂၃ ရက်တို့မှာ Cobra One Pakoka ဆီ ချိတ်ဆက်ဘက်ပြောင်းလာခဲ့ကြတာလို့ ဆိုပါတယ်။
“ကျော်ဇောထွေးက ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ရင်း အထောက်ထားမပါလို့ ထိုင်းရဲကဖမ်းပြီး ထိုင်းနိုင်ငံထောင်ချပါတယ်။ လွတ်ရက်ရောက်တော့ စကစ လက်ထဲထိုးပေးလိုက်တာပါ။ တပ်သား (ဝင်းသန့်နိုင်) က မုံရွာမြို့ပေါ်မှာအဆွဲခံရတာပါ။ “လို့ Cobra One Pakokku ရဲ့တာ၀န်ခံ ဗိုလ်မြွေဟောက်က မြေလတ်အသံကိုပြောပါတယ်။

ဘက်ပြောင်းလာချိန် လက်နက်ခဲယမ်းတွေမပါလာတဲ့အတွက် ဆုငွေချီးမြှင့်တာမျိုးမရှိပေမယ့် သွားချင်တဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ အထက်ပါတာ၀န်ခံကဆိုပါတယ်။
အဲ့ဒီ ခလရ ၂၅၂ တပ်ရင်းထဲမှာ အင်အားမရှိတဲ့အတွက် ဒေသခံတွေကိုပေါ်တာဆွဲ၊ စစ်သင်တန်းပေးပြီးနောက် ရခိုင်ပြည်နယ်အပါ ရှေ့တန်းနေရာတွေကိုပို့ဆောင်နေတယ်လို့လည်း ဘက်ပြောင်းလာသူတွေက တဆင့် သိရတယ်။
စာတည်း – လင်း