အုတ်ဖိုမှာ စစ်တပ်ကအင်အားရာကျော်နဲ့စစ်ကြောင်းထိုးပြီး လေကြောင်းကနေပါဗုံးကြဲ

0 1
0 1

အုတ်ဖို၊ မေ ၂၅၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ရွာစာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ တခုဆီက သိရပါတယ်။

မေ ၂၃ ရက် မနက် ၁၂ နာရီ၀န်းကျင်မှာတိုက်ပွဲဖြစ်တာမရှိဘဲ သရက်နှစ်ဖျားလိန်ရွာ အထက်တန်းကျောင်းကို ဗုံး ၆ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဆောင်ပေါ် ၃ လုံး ရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်‌ပြိုကျပျက်စီးပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“၂၂ ရက်နေ့ညနေ တိုက်ပွဲဖြစ်တယ်ဗျ။ ကျီးပျက်ရွာကို စကစက ၀င်ထိုင်တော့၊ ၀င်လာတယ်ပေါ့၊ ၀င်လာပြီးတော့ ကျနော်တို့ ညနေပိုင်းတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ဒီကောင် (စစ်ကော်မရှင်တပ်) တွေ အတော်လေးအထိနာသွားပုံရတယ်။ နောက်ကစစ်ကူတွေဘာတွေ ထပ်လိုက်တယ်။ ညဘက်ကျတော့ ပြန်ပြီးတော့ပြေးသွားတယ်။ သူတို့ဘက်ကတော့ ည‌ပိုင်းတွေ လက်နက်ကြီး တောက်လျှောက်ပစ်တယ်။ မနက်ပိုင်းစောစောပိုင်းလည်းပစ်တယ်။ ပစ်ပြီးတော့ ၂၃ ရက်နေ့ မနက်ကျမှ သရက်နှစ်ဖျားလိန်စာသင်ကျောင်းကို လေယာဉ်၀င်ကြဲသွားတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

မေ ၂၂ ရက် ညနေပိုင်းမှာ ကျီးပျက်နဲ့ ရှားစေဖိုကျေးရွာအကြာား စစ်ကော်မရှင်တပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်က အထိနာခဲ့တာကြောင့် အုတ်ဖိုမြို့အခြေစိုက် ခမရ ၆ ထဲကို စစ်ကား၂ စီးနဲ့ အင်အားဖြည့်တင်းခဲ့ပြီး အုတ်ဖိုမြို့နယ်အရှေ့ဘက်မှာရှိ‌တဲ့ ကျေးရွာတွေကို အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုး ၀င်ရောက်နေတာလို့ ဆိုပါတယ်။

အုတ်ဖိုမြို့နယ် ဒေါင်းကြီး၊ ဒေါင်းလေး၊ ကျီးပင်ဆိပ်၊ မအူတန်း၊ ၀င်းသရက်၊ သရက်နှစ်ဖျားလိန်၊ ကိုင်းရှိုကြီး၊ သာလိကာ၊ ချောင်းခွကြီး၊ ကျွဲတဲကုန်း၊ ကြိုးကြာကွင်း၊ စမ်းကြီးကုန်း၊ စံပြ၊ အထွက်တိုး၊ ရေငံ၊ စမ်းသုခ၊ ကိုင်းတောစု၊ ကြို့ကိုးပင်၊ ချင်းစု၊ ကျွဲဖြူမ၊ ရွာရှောင်၊ ကိုင်းကြီး၊ ကိုင်းလေး၊ တင်းကုတ်၊ ဦးတို၊ ရေဒါနဲ့ ကျီးပြတ်ရွာတွေက ဒေသခံ ၁ ထောင်ကျော်စစ်ရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ၂၁ ရက်ကလည်း ‌အုတ်ဖိုမြို့နယ်၊ ချောင်းခွကျေးရွာကို စစ်ကော်မရှင်တပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၄ နှစ်အရွယ် ဒေသခံအမျိုးသား ၁ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သလို ‌လူနေအိမ် ၃ လုံးထပ်မနည်းလည်း ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။