မြိုင်မှာ ပျူစောထီးစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ ၄၉ ဦးကို ကယ်ထုတ်နိုင်

0 0
0 0

■ တိုက်ပွဲတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံး

မကွေး၊ မေ ၂၅၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို တမာမြေစစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် ပြည်သူ ၄၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။

မေ ၂၂ ရက် မနက် ၅ နာရီခန့်မှာ အထက်ပါ‌ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မေ ၂၃ ရက် မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကော်မရှင်တပ်ဘက်က လေကြောင်းနဲ့ အကြိမ် ၄၀ ထပ်မနည်း ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေက ၄ ယောက်၊ စစ်** ပျူ ၄ ယောက်သေပြီးတော့ အများအပြားကတော့ တွင်းမပျူစောထီးရွာကို ဆုတ်ခွာထွက်ပြေးသွားကြပါတယ်။ တော်လှန်ဘက်က ထိခိုက်ကျဆုံးမှုက ရဲဘော် ၂ ဦးကျဆုံးပြီးတော့ ရဲဘော် ၄ ဦးထိခိုက် ဒဏ်ရာရ၊ အဲ့ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော် ၄ ဦးက မစိုးရိမ်ရပါဘူး”လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာ၀န်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစခန်းကို သိမ်းပိုက်နိုင်ချိန်မှာ စစ်‌ကော်မရှင်တပ်ဆီက ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ၆ လက်၊ လက်လုပ် ၁ လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ပြီး စခန်းမှာရှိတဲ့စစ်ကော်မရှင်နဲ့ ပျူစောထီးအင်အား ၇၀ ခန့်ကတော့ တွင်းမရွာကပျူစောထီးတွေနဲ့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။

“လေယာဉ်က ဂျက်ဖိုက်တာနဲ့ Y12 က အကြိမ်ရေ ၄၀၊ ဗုံးအသီးရည် ၆၅ လုံးထပ်မနည်း ပစ်ခတ် တိုက်ခိုက်ပြီးတော့ အဲ့ဒီကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီးတော့ ၂ ဦး ထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီမှာကျန်ခဲ့တဲ့ပြည်သူ ၄၉ ဦးကလေ အကုန်လုံးကတော့ ပြည်သူတွေချည်းပါပဲ။ အသက်နည်းနည်းအကြီးပိုင်းတွေပါမယ်။ ကလေးသူငယ်တွေပါမယ်။ သူတို့အကုန်လုံးက အရပ်သားတွေပါပဲ”လို့ အထက်ပါ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကယ်တင်နိုင်ခဲ့တဲ့ ပြည်သူ ၄၉ ဦးမှာလည်း အာဟာရမပြည့်ဝဘဲ အစာရေစာရှားပါးမှုကိုကြုံခဲ့ရပုံပေါ်ပြီး နှိပ်စက်ခံထားရတဲ့လက္ခဏာတချို့ကိုလည်းတွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ “တမာမြေစစ်ဆင်ရေး” ကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပခုက္ကူခရိုင်အမှတ် (၂ /၆/၇/၁၄/၁၇) တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ဖော်ဆောင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နဲ့ ၂၈ ရက်တို့မှာလည်း မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ ပျူစောထီတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့အပြင် ဧပြီ ၂၉ ရက်ကလည်း မြိုင်မြို့နယ် အရှေ့မြောက်ဘက်မှာရှိတဲ့ မြိုင်ဆေးရုံအနီးက စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။