ဟောင်ကောင်မှာ ၃၁ ထပ်အမြင့်ရှိ လူနေအိမ်ရာမီးလောင်မှု ၄၀ ကျော်သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေ

0 17
0 17

မြေလတ်အသံ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၅။

ဟောင်ကောင်မှာ ၁၀ စုနှစ်အတွင်း အသေအပျောက်အများဆုံး မီးလောင်မှုတခုဖြစ်ပွားခဲ့ပြီး လူ ၄၄ ဦးသေဆုံးကာ ၂၇၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဟောင်ကောင်၊ နယူးတဲရစ်တိုရီ ရှိ တိုင်ပိုခရိုင်၊ ဝမ်ဖုခ် လူနေအိမ််ရာဝန်းမှာ မီးလောင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက် မနေ့က နေ့လယ် (ဒေသစံတော်ချိန်) ၂ နာရီ ၄၅ မိနစ်ခန့်မှာ ဒေသခံတဦးက မီးလောင်ကြောင်းစတင်သိရှိခဲ့တာလို့ ဆိုပါတယ်။

တိုက်ခန်းပေါင်း ၂,၀၀၀ ခန့်နဲ့ လူပေါင်း ၄,၈၀၀ ခန့်နေထိုင်ကြတဲ့ အဆိုပါ အထပ်မြင့်အိမ်ရာဝန်းမှာ ၃၁ ထပ်ပါ အဆောက်အဦ ၈ လုံးရှိပြီး အဆောက်အဦတခုရဲ့ အပြင်ဘက်ငြမ်းစင်ထားတဲ့နေရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အထပ်မြင့်အဆောက်အဦ ၈ လုံးထဲက ၇ လုံးအထိ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးမလောင်တဲ့ အဆောက်အဦရဲ့ ဓာတ်လှေကားအနီးနဲ့ အထပ်တိုင်းရှိ ပြတင်းပေါက်အပြင်ဘက်တွေမှာ မီးလောင်လွယ်တဲ့ Styrofoam(ဖော့ပြား)တွေကို တွေ့ရှိခဲ့ရကြောင်းနဲ့ အဲ့ဒီဖော့ပြားတွေဟာ ဆောက်လုပ်ရေးကုမ္ပဏီတခုက တပ်ဆင်ထားတယ်လို့ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေဟာ မီးလောင်မှုအဆင့်ငါး (Level Five) အဖြစ် ကြေညာခဲ့ကာ မီးသတ်ကား ၁၂၈ စီးနဲ့ မီးသတ်သမား ၈၀၀ ခန့်ကို စေလွှတ်ခဲ့ပြီး ကြာသပတေးမနက်အစောပိုင်းမှာ မီးကိုထိန်းချုပ်နိုင်ပြီလို့ မြို့တော်အုပ်ချုပ်ရေးမှူး ဂျွန်လီက ပြောပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသူတွေထဲမှာ အသက် ၃၇ နှစ်အရွယ်မီးသတ်သမားတဦးလည်း ပါဝင်ခဲ့ပြီး သေဆုံးပျောက်ဆုံးသူများအပြင် အနည်းဆုံး ၆၂ ဦး ဒဏ်ရာရရှိခဲ့ကာ အများစုက မီးလောင်ဒဏ်ရာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မီးလောင်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူ ၃ ဦးကို ဖမ်းဆီးထားကာ ဖမ်းဆီးခံထားရတဲ့ အသက် ၅၂ ကနေ ၆၈ နှစ်ကြား အမျိုးသား ၃ ဦးဟာ အဆိုပါအိမ်ရာ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံတို့ဖြစ်တယ်လို့ သိရပါတယ်။

Ref; AP News, The Guardian.
Photo – AP News, The Guardian.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။