7 October 2026 10:28 AM

⁨⁩ ⁨ဈေးနှုန်းမြင့်တက်မှုကြောင့် ကလေးများအတွက် အနည်းဆုံးအာဟာရ ကြက်ဥတလုံးပင်မစားရ (ရုပ်/သံ)

0 19
0 19

မြေလတ်အသံ၊ စက်တင်ဘာ၊ ၂၀၂၆။

မြန်မာနိုင်ငံမှာ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ အခြေခံလူတန်းစားတွေ အဓိကအားထားစားနေရတဲ့ ဟင်းလျာဖြစ်တဲ့ ကြက်ဥတလုံးရဲ့ ဈေးနှုန်းဟာလည်းလက်လီဈေး (၇၀၀) ကျပ်အထိ မြင့်တက်နေပါတယ်။

စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ ငွေတထောင်ဖိုးကို ကြက်ဥအသေး (၁၂) လုံးရခဲ့ရာကနေ့ ယခုလက်ရှိ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာတော့ ကြက်ဥတလုံးတန်ဖိုး(၇၀၀) ကျပ်အထိ မြင့်တက်လာတဲ့အတွက် အခြေခံလူတန်းစားမိသားစုတွေမှာ လူတစ်ယောက် ကြက်ဥတလုံးမစားနိုင်တော့သလို ကလေးငယ်တွေကိုလည်း ယခင် ကြက်ဥနှစ်လုံးကျွေးနိုင်ရာကနေ တစ်လုံးကျွေးဖို့ကို ခက်ခဲလာတယ်လို့ အိမ်ထောင်ရှင်မိခင်တွေက ပြောပါတယ်။

“အရင်တုန်းကတော့ ဥစမ်းလေးတွေ ဆိုရင် ၁၀၀၀ ဖိုး ၁၂ လုံးလောက်ရတယ်လေ လူများရင် အသေးလေးတွေလောက်တယ်။ အခုက တလုံး ၇၀၀ ဆိုတော့ ကွာခြားသွားတာ။ အခက်အခဲက အများကြီးရှိတာပေါ့ တရက်လုပ်အားခနဲ့ဆို ၂ သောင်းနဲ့ဈေးသွားရင် ဘာမှမရခဲ့ဘူး အရင်တုန်းကဆို ၂ သောင်းဆိုရင် လေးငါးရက်စားရတယ် အဲလိုကွာခြားသွားတယ်။ အများကြီးလျော့စားရတယ်။ အဆအများကြီးတက်သွားတယ်။ အရင်တုန်းက ၂ လုံး ၃ လုံးကျွေးနိုင်တယ်။ အခုကတော့ တလုံးတောင်မနည်းကျွေးနေရတယ်။” လို့ အိမ်ရှင်မတစ်ဦးက မြေလတ်အသံကိုပြောပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်လာပေမဲ့ လုပ်ခလစာတွေကတော့ မြင့်တက်လာတာမရှိသလို အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာ စစ်မှုထမ်းအတင်းအဓမ္မဖမ်းဆီးတာတွေကြောင့် လူငယ်အများစု ရှောင်တိမ်းနေရပြီး သက်ကြီးရွယ်အိုတွေ အစားထိုး အလုပ်ထွက်လုပ်နေကြရတာ၊ အိမ်ရှင်မအမျိုးသမီးတွေလည်း ကြုံရကျပန်းလုပ်ကိုင်နေရတာတွေ ရှိနေပေမယ့်လည်း စားဝတ်နေရေး ခက်ခဲနေဆဲဖြစ်လို့ အစားအစာတွေကို ချွေတာစားသောက်နေကြရတယ်လို့ ပင်စင်စားအိမ်ရှင်မတဦးကလည်း မြေလတ်အသံကို အခုလိုပြောပါတယ်။

“အရင်တုန်းက လူတယောက်ကို ကြက်ဥနှစ်လုံးစားနိုင်မယ်။ အခုကတော့ တလုံးပဲစားရတယ် ချွေစားရတာပေါ့။ အရင်က ၃၅၀ အခုက ၆၅၀။ အရင်တုန်းက စားချင်တာစားပေါ့ အခုကတော့ ပုံစံနဲ့ပေါ့ မုန့်ဆိုလည်းအဲလိုပဲ အရင်မုန့်နှစ်ခုဆို အခုက တခုပေါ့ အရင်က နှစ်ကြိမ် ကျွေးတာမှာ အခုကတော့ တကြိမ်ပဲကျွေးနိုင်တော့တယ်၊ ပင်စင်ငွေနဲ့ဆိုတော့ ခက်ခဲတာပေါ့။ နောက်ထပ်အလုပ်တွေလုပ်ရတယ် အထည်ရောင်း၊ လပေးပစ္စည်းလေးတွေ ရောင်းရတယ် ပင်စင်ငွေက မလောက်ဘူး ကိုယ်တယောက်စာတောင် အဆင်မပြေဘူး။” လို့ဆိုပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သမ္မတသက်တမ်း ရက်(၁၀၀) အတွင်း စီမံကိန်အလွဲအမှားတွေနဲ့ သွင်းကုန်ပိတ်ပင်တဲ့ မူဝါဒတွေကြောင့် ပြည်ပကတင်သွင်းရတဲ့ စီးပွားဖြစ်မွေးမြူရေးသုံး တိရိစ္ဆာအစားအစာ၊ ဆေးဝါးနဲ့ ကုန်ကြမ်းဈေးတွေ မြင့်တက်ခဲ့တဲ့အတွက် စားသုံးသူပြည်သူတွေက လက်လီပြန်လည်ဝယ်စားတဲ့အခါ အခုလို ဈေးနှုန်းတွေ မြင့်တက်ခဲ့တာလို့ သိရပြီး ကြက်ဥဈေးနှုန်းမြင့်တက်တဲ့အခြေအနေနဲ့ပတ်သက်ပြီး မွေးမြူရေးသမားတဦးကလည်း အခုလိုပြောပါတယ်။

“အစာဈေးတက်တယ် ကုန်ကြမ်းဈေးတက်တော့ အစာဈေးတက်တယ် တအိတ်ကို ၁ သိန်းလောက်ဆို အခုက ၁ သိန်း ၁ သောင်းလောက်ပေါ့ ဥစုံထိကိုတော့ အရင်တနှစ်က တစ်ကောင်ကို အကောင်တထောင်ကို သိန်း ၂၅၀ နဲ့ရတယ် အခုနှစ်ကတော့ ကုန်ကြမ်းဈေးတက်တာရော ကြက်ပေါက်ဈေးတက်တာရောနဲ့ သိန်း ၂၈၀ လောက်မှ ရမယ် အကောင်ရည်များရင်များသလို မွေးမြူရေး သမားတွေ ကျန်တယ်။ ကြက်စာဈေးလည်းတက်သလို ကြက်ဥဈေးလည်း တက်တော့ အကျိုးအမြတ်ကတော့ အတူတူပဲရှိတယ်။ အဓိကက ကြက်ဥတွေဝယ်စားတဲ့သူမှာ ဈေးကြီးတယ်။” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၀) ရက်နေ့မှာ UN/WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်) က ထုတ်ပြန်ချက်တခုထုတ်ပြန်ရာမှာ မြန်မာနိုင်ငံလူဦးရေ ၁၂ ဒဿမ ၄ သန်းဟာ လတ်တလောဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး လက်ရှိမြင့်မားနေတဲ့ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းသွားတာမရှိဘဲ ဆက်လက်မြင့်တက်နေပါက ထပ်တိုး လူဦးရေ (၅) သန်းအထိ လတ်တလော စားနပ်ရိက္ခာမလုံလောက်မှု အခြေအနေကို ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ လက်ရှိမှာ ဝမ်းရေးဒုက္ခကိုခံစားနေရတဲ့ အဆိုးရွားဆုံး နိုင်ငံအဆင့်(၆) မှာရှိနေပြီး လူလေးဦးမှာ တဦး ဆာလောင်မွတ်သိပ်မှုဒဏ်ကိုခံစားနေရသလို ကလေးငယ် (၃၆,၀၀၀၀) ကျော်မှာလည်း အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ WFP ဆိုပါတယ်။

ကလေးငယ်တွေကျန်းမာဖွံ့ဖြိုးဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရတွေဖြစ်တဲ့ အသား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ကြက်ဥ နဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင် စားသုံးပေးရမယ်လို့ ကျန်းမာရေးပညာရှင်တွေက သတ်မှတ်ထားကြပေမဲ့ မြန်မာကလေးငယ်တွေဟာ လက်ရှိမှာတော့ အာဟာရပြည့်မီအောင်မစားရသလို အနည်းဆုံးအာဟာရဖြစ်တဲ့ ကြက်ဥတစ်လုံးကိုတောင် စားနိုင်ဖို့ ခက်ခဲနေတာပဲဖြစ်ပါတယ်။

သတင်း – ကျော်ကြီး၊ စိုးဦး ၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။