◼️စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေပေမဲ့ မကြာခဏတိုက်ခိုက်ခံရလို့ သေဆုံးများနေ
ကနီ၊ စက်တင်ဘာ ၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို နယ်မြေစိုးမိုးမှုရဖို့ ကြိုးစားနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ကနီမြို့နယ်ထဲမှာ မကြာခဏတိုက်ခိုက်ခံရတဲ့အတွက် အထိအခိုက်များလာပြီး ဘက်ပြောင်းခိုလှုံလာသူ (၂၈) ဦးထက်မနည်း ရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ယမန်နေ့ စက်တင်ဘာ (၆) ရက် နေ့က ကနီမြို့နယ်၊ အဲဒီလမ်းပိုင်းမှာရှိနေတဲ့ ယာကြီးရွာအနီး (၄၅) မိုင်မှာ စစ်ကော်မရှင်တပ်သား ၃၀ ဦးခန့် တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းမိခဲ့ပြီး အသေအပျောက်များနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။
“မနေ့ ကတော့ ဒေသအခေါ် သံပုရာခြံ မှာ မိုင်းမိတယ်။ ခ–အကောင် သုံးဆယ်လောက်ထိတယ် အသေအပျောက်လည်း များတယ်။” လို့ ကနီမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်းကို စိုးမိုးဖို့ ကြိုးစားနေတဲ့ စစ်တပ်နဲ့ ဒေသတွင်း ပကဖတပ်ဖွဲ့တွေနဲ့ (၅) လနီးပါးကြာ ကာလအတွင်း ထိတွေ့တိုက်ပွဲတွေ ရှိနေပြီး စစ်ကော်မရှင်တပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုကြား ကြိုကြား ပကဖ တွေ နဲ့ ထိတွေ့ တာလည်း အနည်းဆုံး ခွေး ၆ ကောင် (စစ်ကော်မရှင်တပ်သား ၆ဦး)လောက်သေတယ်။ အလင်းဝင် ၂၈ ဦး ထက်မနည်း ရှိတယ်။” လို့ အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ပြောပါတယ်။
မကြာခဏတိုက်ခိုက်ခံရမှုတွေကြောင့် (၅) လနီးပါးအတွင်း စစ်တပ်ဘက်က ဘက်ပြောင်းခိုလှုံလာသူ တပ်ဖွဲ့ဝင်(၂၈) ဦးထက်မနည်း ရှိလာခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်က ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့ကစလို့ အင်အား ၁၀၀၀ ခန့်နဲ့ စတင် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်အား ၄၀၀ ခန့်နဲ့ လမ်းပိုင်းတလျှောက်မှာ တပ်စွဲနေတာလို့ သိရပါတယ်။
စစ်တပ် တပ်စွဲနေစဉ်အတွင်း ကနီမြို့နယ်က ပြည်သူ (၉) ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ပြည်သူ ၉ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်တယ်။ ပြည်သူနေအိမ် ၁၀လုံး မီးရှို့ ပြီး ပြည်သူပိုင် နေအိမ် အများအပြား ဖျက်ဆီး၊ သစ်ဝါး သံဆူးကြိုးပါမကျန်၊ ဆန်၊ ဆီ၊ နွား၊ ဝက်၊ ကြက်၊ အိမ်မွေး အိမ်သုံးစ္စည်းများ ခိုးယူတယ်။” လို့ တော်လှန်ရေးအဖွဲ့ဝင်ကပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနီမြို့နယ်ထဲရှိ ကျေးရွာတရွာက သာသနာ့အဆောက်အအုံတွေ ပျက်စီးခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကြောင်းထိုးတာ၊ တပ်စွဲအထိုင်ချတာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကနီမြို့နယ်ထဲမှာ ကျေးရွာ (၂၄)ရွာထက်မနည်းက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပြီး မိုးကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းက ရွှေတောင်ဦး၊ ၅မိုင် ဂိတ်၊ တရော်ကျင်းရွာ (၁၀မိုင်)၊ ချောင်းမရွာ (၁၅မိုင်)၊ အောင်မင်္ဂလာရွာ (၂၀မိုင်)၊ ရွှေပြည်သာရွာ (၂၆မိုင်)၊ ၃၄မိုင် ဘုရားနဲ့ ယာကြီးကျေးရွာ (၄၀မိုင်)တို့မှာ တပ်စွဲနေပြီး ချောင်းမ-ကနီ လမ်းပိုင်းက မုဌောရွာမှာလည်း တပ်စွဲထားတယ်လို့ သိရပါတယ်။
စာတည်း-စိုးဉီး