ခင်ဦး၊ မေ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာကို စစ်ကောင်မရှင်တပ်က ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
မေ ၂၀ ရက် နေ့လယ် ၁ နာရီခန့်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ ကနေလွှတ်တင်လိုက်တဲ့ Suicide ဒရုန်း ၂ စီးနဲ့ ပထမအကြိမ်တိုက်ခိုက်ချိန် ရွာလယ်ပိုင်းရှိစျေးဆိုင်တွေကို ထိမှန်ပေါက်ကွဲခဲ့ပြီး စျေးဆိုင် ၅ ဆိုင်ခန့်ပျက်စီးကာ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲ့ဒီနောက် မေ ၂၁ ရက် ည ၉ နာရီခန့်မှာတော့ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ရွာလယ်ပိုင်းကို ဗုံး ၂ လုံးကြဲချပြီးနောက် မိနစ် ၂၀ မိနစ်ခန့်အကြာ ရွှေဘိုလေ့ကျင့်ရေး ၈ ကနေလွှတ်တင်လိုက်တဲ့ Suicide ဒရုန်း ၂ စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဖိုက်တာကြဲပြီးမှာ မီးလောင်တာတွေဘာတွေကို ငြှိမ်းနေကြတဲ့အချိန် Suicide နဲ့ထပ်ကြဲတာ။ Suicide ထပ်ကြဲချိန်တော့ဘာမှ မဖြစ်လိုက်ဘူး။ ဖိုက်တာကြဲချိန်မှာ ထိကြတာ။ ပထမအကြိမ်ဖြစ်ပြီး အေးအေးဆေးဆေးဆိုပြီ ဘာမှမလုပ်ဘူးထင်ပြီး မရှောင်ဘဲနေကြရာမှာ ထပ်ဖြစ်တာ။ “လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုအတွင်း အသက် ၄၅ နှစ်နဲ့ ၂၀ အရွယ် အမျိုးသား ၂ ဦး၊ အသက် ၂၇ နှစ်နဲ့ ၆၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်ဆိုင်ခန်းပျက်စီးမှု ၂၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိနိုင်ကာ ထိခိုက်သူတွေက အရေးပေါ်ဆေးကုသဖို့ ပို့ဆောင်လိုက်ရတာတွေကြောင့် အသေးစိတ်အချက်အလက်မကောက်ယူနိုင်သေးဘူးလို့ဆိုပါတယ်။
ဗုံးကြဲခံရပြီးနောက်မှာတော့ ကျေးရွာအတွင်းနေပြည်သူအားလုံး ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း



































