ပခုက္ကူ၊ မေ ၁၆၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသား ၁ ဦးကိုပစ်သတ်ပြီး ကျေးရွာ ၂ ရွာကိုလည်း မီးထပ်ရှို့ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
မေလ ၁၄ ရက်မနက် ၁၀ နာရီခန့်မှာ အင်းဝိုင်းရွာထဲကိုဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ရွာထဲမှာရှိတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးကိုပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
“အလောင်းက ခုထိမကောက်ရသေးဘူး။ ရွာထဲမှာ သူတို့ရှိနေတယ်။ နွားစာဝင်ကျွေးတာမှာ ရှေ့ပြေးတွေနဲ့တိုးပြီး ပစ်သတ်ခံရတာ။ အဲ့နေ့မှာတင် ကျေးရွာ ၂ ရွာကို မီးထပ်ရှို့တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါ အမျိုးသားကိုပစ်သတ်ပြီးနောက် ညနေပိုင်းမှာပဲ အင်အား ၅၀ ခန့်က ရွာထဲမှာကျန်ခဲ့ပြီး ကျန်အင်အားတွေကတော့ မိုးနတ်ကုန်းရွာနဲ့ ထန်းတောခြောက်ကျေးရွာကို ခွဲထွက်ကာ မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
မီးရှို့ခံရတာကြောင့် အဲ့ဒီကျေးရွာ ၂ ရွာက အိမ်ခြေ ၅၀ ကျော် မီးလောင်ပျက်စီးနိုင်ပြီး မေလ ၁၆ ရက်အထိ ရွာတွေထဲမှာတပ်စွဲထားတာကြောင့် အပျက်အစီးစာရင်းကို မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ထန်းတောချောက်ရွာနဲ့မြစ်ခြေမြို့ဟာ ချောင်းတခုသာခြားပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက မြို့ကိုကာထားတာကြောင့် စစ်ကြောင်းမဝင်နိုင်သေးတဲ့အခြေအနေရှိနေပြီး မြစ်ခြေမြို့ပေါ်ထိ စစ်ကြောင်းထိုးဖို့ရည်ရွယ်ထားတယ်လို့ သိရကြောင်းလည်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ရေလမ်းကြောင်းကလာတဲ့ ညောင်ဦးအခြေစိုက် ခလရ ၄၁၅ တပ်က အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းနဲ့ ကုန်းလမ်းကလာတဲ့ ပခုက္ကူ တပ်မ ၁၀၁၊ အောင်လံမြို့ကပျူစောထီး စုစုပေါင်း၂၅၀ ခန့်ဟာ မေ ၁၀ ရက်ကစတင်ပြီး မြစ်ခြေဒေသကိုစစ်ကြောင်းထိုးလာခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနေ့ကနေ မေလ ၁၄ ရက်မနက်ပိုင်းအထိ လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျဥ်ရွာ၊ ညောင်ပင်၊ အင်းဝိုင်းရွာတို့ကိုလည်းမီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁,၀၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပြီး လက်ပံကျွန်း၊ ကူကျွန်း၊ နံကပ်၊ ဥယျဥ်ရွာ၊ ညောင်ပင်၊ အင်းဝိုင်းရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း











