မြစ်ခြေ၊ ဇွန် ၁၀၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရဲစခန်းကို ဇွန် ၁၀ ရက် ဒီကနေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
ဇွန် ၁၀ ရက် မနက် ၄ နာရီမှာ အဲ့ဒီမြစ်ခြေရဲစခန်းကို မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် ၅ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။


ဒီတိုက်ပွဲအတွင်း G 3 ၁၈ လက်၊ 79 ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ G 3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ် လေသေနတ် ၁ လက်၊ ကျည်ကာ ဦးထုပ် ၇ လုံး၊ G 3 ကျည် ၁၉၀၈ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်တွေဘက်က တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၁၄ ဦးကတော့ စစ်သုံ့ပန်းအဖြစ် လက်နက်ချ အညံ့ခံခဲ့တာကြောင့် နိုင်ငံတကာစစ်ဥဒေတွေနဲ့အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စစ်ဘက်ဆိုင်ရာဥပဒေနဲ့အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် စစ်ဆေးအရေးယူ သွားမယ်လို့လည်း ဆိုထားပါတယ်။


တော်လှန်တပ်တွေတိုက်ခိုက်ချိန် ရဲစခန်းထဲမှာ အင်အား ၅၀ ဝန်းကျင်ရှိပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကော်မရှင်ဘက်က Y12၊ ဂျက်ဖိုက်တာတို့နဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ LPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့မေလ ၁၀ ရက်ကနေ ဇွန် ၂ ရက်အထိ မြစ်ခြေမြို့ရှိ နေအိမ်ပေါင်း ၁ ထောင်ကျော်ကိုမီးရှို့ပြီး ပြည်သူ ၂၄ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။