ပဲခူး၊ အောက်တိုဘာ ၂၃၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းက လူမှုကူညီရေးအသင်း ၄၀ ကျော် စက်သုံးဆီဝယ်ခွင့်မရလို့ အခက်ကြုံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
လူမှုကူညီရေးအသင်းကားတွေမှာ လိုင်စင်မရှိတာကြောင့် QR ကုတ် မဖတ်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၁၉ ရက်နေ့လောက်ကစတင်ပြီး စက်သုံးဆီဆိုင်ကြီးတွေက ဆီရောင်းချမပေးတော့တာလို့ ဆိုပါတယ်။
“ဝင်လိုက်တာနဲ့ ဆီကားက မရောက်သေးဘူး။ ဆီမရှိတော့လို့ပါဆိုပြီး ပြောတယ်။ အောက်ဆိုဒ်ဆီကို တလီတာ ၇၀၀၀ ကျော်နဲ့ ဝယ်သုံးနေရတယ်။ ကျန်တဲ့ သုံးဘီးဆိုင်ကယ်ထည့်ရတယ်။ ကယ်ဆယ်ရေး အသင်းကားတွေဆိုမရတာ။ QR ပါတဲ့ကားပဲ ရောင်းပေးတော့မှာတဲ့။ အသင်းကားတွေက ဘယ်မှာလိုင်စင်ရှိလို့လဲ”လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
စက်သုံးဆီဝယ်ယူမရတော့တာကြောင့် လူနာပို့ဆောင်ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်ကြုံလာရသလို ပြင်ပမှောင်ခိုစျေးနဲ့ ဆီဝယ်ရတာကြောင့် အသင်းရပ်တည်ဖို့နဲ့ လူနာရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုးနဲ့ အခက်ခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ပဲခူးမြို့နယ်ထဲက သကြားမင်း၊ မွန်းဆန်း၊ မိုးထက်၊ ကျွန်းသာယာ၊ ထူးနဲ့ MAX အပါအဝင် စက်သုံးဆီဆိုင်ကြီး ၁၂ ဆိုင်လောက်ရှိပြီး အဆိုပါဆီဆိုင်အားလုံးက လိုင်စင်မပါတဲ့လူမှုကူညီရေးအသင်းကားတွေကို ဆီရောင်းချပေးတာမရှိတော့ဘူးလို့ ဆိုပါတယ်။
ပဲခူးမြို့နယ်အတွင်းမှာ လူမှုကူညီရေး၊ ပရဟိတအသင်းတွေအပါအဝင် အသင်းပေါင်း ၄၀ ကျော်ရှိပြီး အသုံးပြုနေတဲ့ ကားအစီးရေ ၁၀၀ ကျော်ရှိကာ အများစုကလိုင်စင်မရှိကြဘူးလို့ သိရပါတယ်။
ပဲခူးမြို့နယ်အတွင်း စက်သုံးဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီ ၁ လီတာကို ကျပ် ၄၈၀၀ ဝန်းကျင်ရှိပြီး လိုင်စင်ရှိကား၊ ဆိုင်ကယ်၊ သုံးဘီးတွေကိုသာ ရောင်းချပေးနေကာ ပြင်ပမှောင်ခိုစျေးကွက်မှာတော့ ကျပ် ၇၅၀၀ ထိစျေးရှိကာ လိုင်စင်မရှိတဲ့ယာဉ်တွေ အဓိကဝယ်ယူအသုံးပြုနေကြတယ်လို့ သိရပါတယ်။




