ပဲခူး၊ ဩဂုတ် ၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာ သံဃာအချင်းချင်း စကားများရန်ဖြစ်ပြီး ဓားနဲ့ခုတ်လို့ တပါးပျံလွန်တော်မူတယ်လို့ ကျောင်းတိုက်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ည ၁၁ နာရီခန့်ကကျောင်းတိုက်နေ သက်တော် ၇၆ နှစ်အရွယ် ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်ကို သက်တော် ၄၀ ကျော်အရွယ်ရှိ ဦးမာဏိတ (ခ) မျိုးဇော်က ထင်းခုတ်ဓားမနဲ့ ခုတ်သတ်ခံတာလို့ ဆိုပါတယ်။
“သူတို့ရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်တာသိရတဲ့အချိန်သွားကြည့်တော့ တပါးကလဲနေပြီ။ ဘယ်လိုအကြောင်းကြောင့် ရန်ဖြစ်တယ်တော့သေချာမသိရဘူး။ သိတဲ့အချိန်သွားတော့ ဓားနဲ့ ခုတ်တဲ့တပါးကို ရဲတွေကဖမ်းသွားပြီ”လို့ ကျောင်းတိုက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဓားနဲ့ခုတ်ခံရလို့ ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်မှာ ဦးခေါင်းနဲ့လည်ပင်း၊ လက်တွေမှာပြရှဒဏ်ရာတွေရထားလို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရာ အခြေနေစိုးရိမ်ရတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းစဥ် ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
ဓားနဲ့ခုတ်သူ ဦးမာဏိတ (ခ) မျိုးဇော်ကိုတော့ အမှတ် ၂ နယ်မြေရဲစခန်းကနေ လူဝတ်လဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဓားနဲ့ခုတ်သူ ဦးမာဏိတ (ခ) မျိုးဇော်ဟာ အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာ ရဟန်းဝတ်ထားတာ ၂ ဝါခန့်ရှိပြီး၊ ပျံလွန်တော်မူသွားတဲ့ ဦးနန္ဒဝံသ (ခ) ဦးတင်လှိုင်က ၁၆ ဝါရှိပြီလို့ သိရပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းမှာလည်း လင်မယားချင်း စကားများရန်ဖြစ်ရာ အမျိုးသားမှာ အမျိုးသမီးဖြစ်သူကို ဓားနဲ့ထိုး ငရုတ်ကျည်ပွေ့နဲ့ထုလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဓားနဲ့ခုတ်သူ ဦးမာဏိတ (ခ) မျိုးဇော်