ပဲခူး၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ပုဂံကနေဘုရားဖူးပြန်လာတဲ့ သံဃာတော်တွေ လိုက်ပါလာတဲ့ကား လမ်းဘေးထိုးကျလို့ သံဃာ ၃ ပါး ဒဏ်ရာရသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ပုဂံဘက်ကနေ ရန်ကုန်ဘက်ကို သံဃာ ၃ ပါးနဲ့ ယာဉ်မောင်း အမျိုးသား ၁ ဦးတို့ လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၅၁ မိုင် ၈ ဖာလုံ အရောက်မှာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

” ကားက နောက်ဘီးပေါက်ပြီး ကားလမ်းဘေး မြောင်းထဲထိုးကျသွားတာ။ ကားပေါ်ပါ သံဃာ ၂ ပါးကတော့ စိုးရိမ်ရတယ်။ ၁ ပါးကတော့ နည်းနည်းပါးပါးပဲထိတယ်။ ယာဥ်မောင်းကတော့ ဘာမှမဖြစ်ဘူး။” လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။
ကားလမ်းဘေးထိုးကျသွားလို့ ကားပေါ်ပါ ရန်ကုန်၊ ကျောက်တန်းမြို့ ဖားအောက်တောရကျောင်းတိုက်က သက်တော် ၈၀ ဝန်းကျင်နဲ့ သက်တော် ၅၀ ကြားသံဃာ ၂ ပါး ပြင်းထန်ဒဏ်ရာရပြီး ကျန် သက်တော် ၇၀ အရွယ် ၁ ပါးကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


ထိခိုက်ဒဏ်ရာရတဲ့ သံဃာတော်တွေကိုတော့ လူမှုကူညီရေးအသင်းတွေက တောင်ငူဆေးရုံကို ပို့ဆောင်ပေးကာ ဆေးကုသနေပေမယ့် အခြေအနေစိုးရိမ်ရတာကြောင့် နေ့ချင်း ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးလိုက်ရတယ်လို့ သိရပါတယ်။
လမ်းဘေးထိုးကျလို့ ကားမှာလည်း ရှေ့ခေါင်းခြမ်းအပါအဝင် ကားတစီးလုံးနီးပါးပျက်စီးသွားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကား ၁ စီး လမ်းလယ်ကျွန်းကို ဝင်တိုက်မိလို့ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။
စာတည်း – လင်းဇေ


