ပုဂံဘုရားများထဲက ထင်ရှားတဲ့ ဗူးဘုရား မိုးကြိုးထိမှန်လို့ ထိခိုက်ပျက်စီးခဲ့

0 1
0 1

မန္တလေး၊ ဇွန် ၇၊ ၂၀၂၃။

မန္တလေးတိုင်း၊ ပုဂံမြို့မှာရှိတဲ့ ဗူးဘုရားကို မေလ ၆ ရက်ညက မိုးကြိုးထိမှန်ခဲ့လို့ ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပုဂံမြို့ဟောင်းအနောက်ဘက် ဧရာဝတီမြစ် ကမ်းဘေးမှာတည်ထားတဲ့ ဗူးဘုရားကို မနေ့ည ၉ နာရီခွဲလောက်က မိုးသည်းထန်စွာရွာသွန်းချိန်မှာ မိုးကြိုးထိမှန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပုဂံမှာညကရွာတဲ့မိုးနဲ့မှ ၄ ကြိမ်ပဲ ရွာသေးတာ။ ညကမိုးကတော့ မိုးကြိုးတွေပါပစ်တာ။ ဗူးဘုရားကိုလည်း မြစ်ထဲပစ်တဲ့ မိုးကြိုးစက်ကွင်း ထိသွားတယ်။ ပျက်စီးမှုတော့ရှိတယ်။ “လို့ ပုဂံမြို့ခံတဦးက ပြောပါတယ်။

ဗူးဘုရားစေတီတော်ရဲ့ လုံးပတ်တွင် စက်ကွင်းထိမှန်ပြီး တလက်မခွဲအရွယ် အပေါက်ရာ ၂ ခု ဖြစ်ပေါ်ခဲ့သလို ဇကာကွက်ကဲ့သို့ အရာထင်ခြင်းနဲ့ စိန်ဖူးတော်အောက်ခံ ကြာဖတ်ပဲ့သွားခြင်း၊ ငှက်ပျောဖူး ကြာဖတ်ထိပ်ပိုင်း ၆ လက်မခန့် ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်မှာ ချိတ်ဆွဲထားတဲ့ ကြေးခေါင်းလောင်းတွေ မဲသွားပြီး ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့လို့ ၇ ရက်အတွင်းပြီးစီးအောင် ပြုပြင်သွားမယ်လို့လည်း ရှေးဟောင်းသုတေသန တာဝန်ရှိသူတွေဘက်က ဖော်ပြထားပါတယ်။

ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီးတည်ခဲ့တယ်လို့ အဆိုရှိပြီး စေတီပုထိုးအမှတ် ၁၆၅၇/၉၆၁ ဖြစ်ကာ ၁၉၇၅ ခုနှစ်က ရေတိုက်စားခံရပြီး မြစ်အတွင်း လဲပြိုကျခဲ့တာကြောင့် ၁၉၇၈ ခုနှစ်မှာ အသစ်ပြန်လည် တည်ထားတဲ့ စေတီဖြစ်တယ်လို့လည်း သိရပါတယ်။

ဗူးဘုရားဟာ ပုဂံဘုရားတွေထဲက ထင်ရှားတဲ့ ဘုရားစေတီတဆူဖြစ်ပြီး ပုဂံကို ဘုရားဖူးလာရောက်သူတိုင်း ဝင်ရောက်ဖူးမြော်ကြသလို ပုဂံရဲ့တဖက်ကမ်း တန့်ကြည်တောင်တန်းဘုရားများကို သွားရောက်မယ့် စက်လှေဆိပ်ရဲ့ ကမ်းနဖူးမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဂံက ထင်ရှားတဲ့ ဘုရားများအတွင်း ရေကြီးရေလျှံခဲ့ပြီး ရက်အနည်းငယ်ကြာအောင် ရေဝပ်တင်ကျန်ခဲ့လို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။