■ စစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ
ချောက်၊ ဇူလိုင် ၂၅၊ ၂၀၂၆။
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ပုဂံနဲ့ခေတ်ပြိုင်ယဥ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပခန်းငယ် (ခ) ပုဂံငယ်ရွာကို စစ်ကော်မရှင်တပ်ကစစ်ကြောင်းဝင်မီးရှို့ခဲ့တာကြောင့် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရတယ်လို့ မကွေးတိုင်းပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇူလိုင် ၂၅ ရက်မနက် ၈ နာရီခန့်မှာ စလေအခြေစိုက် ခမရ ၄၁၆ တပ်ကနေ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ကျေးရွာထဲကိုရောက်လာပြီး နေအိမ်တွေကို မီးရှို့နေတာလို့ဆိုပါတယ်။
“စစ်ကြောင်းဝင် မီးရှို့နေလို့ ချောက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေအကုန်စစ်ရှောင်နေရတယ်။ စစ်ကြောင်းက ရွာထဲရှိနေတုန်းပါ။ မီးလောင်ပျက်စီးအခြေနေကတော့ လတ်တလောမသိရသေးပါဘူး”လို့ မကွေးတိုင်းပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကြောင်းဝင်မီးရှို့နေတာကြောင့် ပခန်းငယ် (ခ) ပုဂံငယ်၊ နဘဲတန်း၊ ရွာငယ်ကန်၊ မြင်သာကုန်း၊ ချောင်းပိုက်၊ အုတ်ဖို၊ ဥယျာဥ်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ပခန်းငယ် (ခ) ပုဂံငယ်ကျေးရွာဟာ ပုဂံနဲ့ ခေတ်ပြိုင် ယဉ်ကျေးမှုတွေထွန်းကားခဲ့တဲ့နေရာဖြစ်ပြီး ကျေးရွာထဲနဲ့အနီးဝန်းကျင်မှာ လက်ရှိထိန်းသိမ်းထားရတဲ့ ဘုရားစေတီနဲ့ ရှေးဟောင်း အဆောက်အအုံပေါင်း ၈၁ ခု ရှိတယ်လို့ မကွေးတိုင်းပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဘုရားစေတီနဲ့ အဆောက်အဦတွေရဲ့ အတွင်းပိုင်းလက်ရာတွေမှာ ပုဂံခေတ် ယဉ်ကျေးမှုလက်ရာတွေ တွေ့မြင်ရပြီး အပြင်ဘက်ပိုင်းမှာတော့ ညောင်ရမ်းခေတ်၊ အင်း၀ခေတ်၊ ကုန်းဘောင်ခေတ် လက်ရာတွေဖြစ်ပြီး စစ်ကော်မရှင်တပ်တွေက ပထမမြန်မာနိုင်ငံတော် ပုဂံနဲ့ ခေတ်ပြိုင် ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ ယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ်တွေရှိနေတဲ့ကျေးရွာကို ဖျက်ဆီးဖို့ လုပ်နေကြတာလို့လည်း သူကဆက်ပြောပါတယ်။
စစ်ကြောင်းဝင်လာတဲ့လမ်းတလျှောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။