■ ကျေးရွာထဲမှာ သွေးစတွေ ပေကျန်နေပြီး သွေးညှီနံ့တွေမပျောက်သေးလို့ ဒေသခံတွေ ကြောက်နေ
ချောက်၊ ဩဂုတ် ၂၄၊ ၂ဝ၂၆။
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ (အမည်မဖေါ်လိုတဲ့) ကျေးရွာတရွာမှာ ဒေသခံတွေ ရွာထဲပြန်မဝင်ရဲတဲ့အတွက် ဩဂုတ် ၂၄ ရက် ဒီကနေ့မနက်ပိုင်းက သံဃာတော်တွေကို ပင့်ဖိတ်ကာ မြေသန့်ပရိတ်ရွတ်ဖတ်ခဲ့ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းက စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်ကာ တရွာလုံးကို မီးပတ်ရှို့ခဲ့တာကြောင့် လူ ၃ ဦး မီးလောင်သေဆုံးပြီး၊ ရွာခံတွေ ပြန်မနေရဲလို့ သံဃာတော် ၁၀ ပါးကို ပင့်ဖိတ်ကာ ရွာအလယ်နဲ့ ရွာရဲ့ထောင့်လေးထောင့်မှာ ကျေးရွာသားတွေနဲ့အတူ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

“အဘိုးအဘွား ၃ ဦးကို ရည်စူးပြီး ကုသိုလ်ပြုတာနဲ့ စိတ်ထဲမသန့်လို့ မကောင်းတာတွေ မမြင်အပ်တာတွေ ရှိနေတယ်လို့ တွေးပြီး၊ စိတ်ခြောက်ခြားနေလို့ လုပ်ဖြစ်တာပါ။ ညဘက် မှောင်ကလည်းမှောင် တရွာလုံးလည်း မီးလောင်ပြင်ကြီးဆိုတော့ လျှောက်တွေးပြီး ကြောက်ပြီးမနေရဲကြဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီကျေးရွာမှာ အဖိုးအို ၁ ဦးနဲ့ အဖွားအို ၁ ဦးမီးလောင်သေဆုံးပြီး၊ ကျန်အဖိုးအို ၁ ဦးဟာ ဗုံးခိုကျင်းအတွင်းမှာ မီးအပူဟပ်ခံရတဲ့အပြင် အစာပြတ်ကာ သေဆုံးခဲ့တာပါ။
မီးမလောင်ပဲကျန်ခဲ့တဲ့ နေအိမ်တွေထဲမှာလည်း သွေးညှီနံ့တွေ၊ သွေးကွက်တွေအပြင် သွေးစတွေပေနေတဲ့ အဝတ်အစားတွေကိုလည်း တွေ့ခဲ့တဲ့အတွက် မိုင်းထိပြီး စစ်သားတွေလည်း သေဆုံးနိုင်တယ်လို့ ယူဆကာ မြေသန့်ပရိတ်ရွတ်တာလည်း ပါတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒီမနက် ပရိတ်ရွတ်ဖတ်ခဲ့တဲ့ သံဃာတော်တွေကို ဆွမ်းကပ်တာမျိုးမရှိပဲ စုပေါင်းထည့်ဝင်တဲ့ အလှူငွေနဲ့ပဲ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
“တခါတလေ ခြောက်တယ်ဆိုတာထက် ကျွတ်ချင်လွတ်ချင်လို့ အမျှကုသိုလ် တောင်းတာလည်း ဖြစ်တတ်တယ်။ သူတို့မှာက လူတွေလို ဖွင့်တောင်းခွင့်မရှိတော့၊ အဲဒါကို လူတွေက ခြောက်တယ်လို့ ယူဆလိုက်ကြတာ။ သီလကုသိုလ်၊ ရတနာသုံးပါးရှိခိုးတဲ့ ကုသိုလ်တွေ အမျှဝေပေးလိုက်ပါ။ ပရိတ်ရွတ်ပြီးပြီဆ်ို ရွာပြင်ထွက် အမျှဝေပေးလို့ ရပါတယ်။ အခုလိုပြုလုပ်ရတဲ့ အကျိုးကြောင့် အန္တရာယ်ကင်းမယ် ကောင်းကျိုးတွေဖြစ်ထွန်းမယ်ပေါ့” လို့ ပြည်ခရိုင်အတွင်းက သံဃာတော်တပါးက မိန့်ပါတယ်။
လက်ရှိအချိန်အထိ ဒေသခံရွာသားတွေအနေနဲ့ စစ်ကြောင်းပြန်ဝင်လာမှာ စိုးရိမ်ထိတ်လန့်နေရသလို၊ ကျေးရွာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အနိဋ္ဌာရုံဖြစ်ရပ်တွေကြောင့် စိတ်လုံခြုံမှုနဲ့ စိတ်ခြောက်ခြားမှုတွေ ကြုံတွေနေရလို့ ဒေသံလဲ ကျေးရွာသားတွေ ပြန်မလာသူတွေလည်းရှိတယ်လို့ ပြောပါတယ်။
သတင်း – သော်တာအောင်