⁨ ⁨စစ်ရေးပြင်းထန်နေတဲ့ Well 2 ရေနံမြေတဝိုက် စစ်တပ်က နှစ်ရက်ဆက်ဗုံးကြဲ

0 1
0 1

မြိုင်၊ ဩဂုတ် ၂၄၊ ၂၀၂၆။

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ရေးပြင်းထန်နေတဲ့ Well 2 ရေနံမြေတဝိုက် စစ်တပ်က နှစ်ရက်ဆက်ဗုံးကြဲနေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ရဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ Well 2 ရေနံမြေဖြစ်တဲ့ တဲကြီးကျေးရွာ၊ တောင်စုံ၊ တောင်ရိုးရွာအနီးဝန်းကျင်တွေကို MI-35 နဲ့ မိနစ် ၂၀ ကြာပစ်ခတ်ခဲ့သလို ဩဂုတ်လ ၂၄ ရက်နေ့ညနေ ၃ နာရီကျော်မှာလည်း အဲဒိကျေးရွာတွေအနီးတဝိုက်ကို ဂျက်ဖိုက်တာ ၃ စီး၊ Mi-35 တစီးနဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့ကလည်း လာပစ်တယ်။ အခုလည်း ဖိုက်တာတွေကော Mi-35 တွေကော ဝုန်းနေတာပဲ။ မိုးခြိမ်းနေသလား မှတ်ရတယ်။ သူတို့ရောက်နေတဲ့​ နေရာတဝိုက်ပစ်နေတာ။ ဗုံးအလုံးရေတော့ များတယ်။ ကျနော်တို့ကြားနေရာတာ ဟိန်းနေတာပဲ။ တိုက်ပွဲလည်း ဖြစ်နေတယ်။ ရှေ့မတိုးနိင်လို့ ထိခိုက်လို့ လာကြဲနေတာ။ အထိနာလို့ကြဲတာ ဖြစ်နိုင်တယ်”လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ရေနံမြေအတွင်း စစ်ကော်မရှင်တပ်တွေမဝင်လာအောင် တားဆီးခုခံနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကော်မရှင်ဘက်က ရှေ့ဆက်မတိုးနိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲနဲ့ လေ​ကြောင်းပစ်ခတ်မှုတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဩဂုတ်လ ၂၄ ရက်နေ့မှာ တဲကြီးကျေးရွာ၊ တောင်စုံ၊ တောင်ရိုးရွာ အနီးဝန်းကျင်တွေမှာ ရောက်နေပြီး Well 2 ရေနံမြေရဲ့အနောက်နဲ့ မြောက်ဘက်တွေကို ဝန်းရံပိတ်ဆို့ထားတဲ့ အခြေနေမှာ ရှိနေပါတယ်။

စစ်ကော်မရှင်အင်အား ၁၀၀၀ ဝန်းကျင်ခန့်ဟာ ယာကြီးပြင်ကျေးရွာကို ဇူလိုင်လ အကုန်လောက်က ရောက်လာပြီး နောက် ဩဂုတ်လ ၂ ရက်နေ့လောက်ကစတင်ပြီး Well 2 ရေနံမြေဘက်ကို ဆက်ထွက်နေရာ ယာကြီးပြင်-ဝဲတူး နှစ်မိုင်လောက်ခရီးကို ၂၀ ရက်ကျော်ကြာမြင့်နေတာလို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ ဇွန်လဆန်းပိုင်းလောက်ကစပြီး မြိုင်နယ်ထဲက တော်လှန်ရေးအဖွဲ့တွေ ၂ နှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ရေနံမြေတွေကိုပြန်လည် ထိန်းချုပ်နိင်ဖို့ စစ်ကြောင်းထိုးလာနေတာ ဖြစ်ပါတယ်။

အဆိုပါ စစ်ကြောင်းဟာ နှစ်လအတွင်း မြိုင်မြို့နယ်ထဲက ကျေးရွာ ၁၂ ရွာခန့်က ဒေသခံပြည်သူ အယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားပြီး၊ ကျေးရွာနေအိမ်အလုံးပေါင်း ၄၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကြောင်းရန်ကြောင့် မြိုင်နယ်ထဲက ယာကြီးပြင်၊ တောင်စုံ၊ မှန်ရင်း၊ မြောင်းမြားနဲ့ တဲကြီးကျေးရွာအပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံတွေအပါအဝင် Well 2 ရေနံမြေထဲက ရေနံလုပ်သားတွေနဲ့ ဈေးသည်တွေ အားလုံး စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။