⁨ပုဂံမှာ နေအိမ်၊ လမ်းမတွေနဲ့လုပ်ငန်းခွင်တွေထဲအထိ အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေ

0 3
0 3

ညောင်ဦး၊ ဇူလိုင် ၁၆၊ ၂၀၂၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နဲ့ ပုဂံမြို့တွေမှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ များနေလို့ အမျိုးသားတွေ လုပ်ငန်းခွင်သွားလာဖို့တောင် အခက်ကြုံနေရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး စစ်ကောင်စီနဲ့ ပျုစောထီးအဖွဲ့တွေဟာ စစ်မှုထမ်းအသက်အရွယ် အမျိုးသားတွေကို လုပ်ငန်းခွင်နဲ့ နေအိမ်တွေပေါ်အထိ လိုက်လံဖမ်းဆီး ပေါ်တာဆွဲနေသလို အိမ်စီးကားတွေနဲ့ မြို့ပတ်ပြီး လမ်းသွားလမ်းလာတွေကိုလည်း အတင်းအဓမ္မ ကားပေါ်ဆွဲတင်ပြီး ဖမ်းဆီးတာတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်အသိ ဝန်ထမ်းကောင်လေးဆို ပုဂံမြို့သစ် မိုးကုတ်ဝိပဿနာထိပ်မှာ ဆွဲခံရတယ်။ နောက်တယောက်ဆိုလည်း အိမ်ပေါ် အတင်းဝင်ဆွဲသွားတယ်။ အသိပန်းရံတဖွဲ့ဆို မြို့ထဲမှာ အုတ်တံတိုင်းခတ်နေချိန် ဆွဲခံရတာ။ တရက်ဆို အနည်းဆုံး နှစ်ယောက်၊ သုံးယောက်လောက်ပါတယ်။ အချို့ရက်ဆို အုပ်စုလိုက်ပါတယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။

နယ်ခံတွေပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်မှုတွေဟာ နေ့စဉ်နီးပါး ဖြစ်ပွါးနေပြီးတော့ တရက်ထက်တရက် အခြေအနေပိုမိုဆိုးရွားလာ​နေလို့ ငွေကြေးတတ်နိင်သူအချို့က သားသမီးတွေကို ပြည်ပနိုင်ငံနဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို ပို့လိုက်တာများတာကြောင့် ငွေကြေးမတတ်နိုင်သူအချို့လောက်သာ ကျန်ရစ်တော့တယ်လို့ ဆိုပါတယ်။

“ပုဂံညောင်ဦးက ခရီးသွားကို မှီခိုပြီးရှာဖွေစားသောက်ရတာဆိုတော့ အခုလိုအခြေနေက စားဝတ်နေရေးကို အဆင်မပြေတော့ဘူး။ ကယ်ရီသမားတွေလည်း ထွက်မဆွဲရဲတော့ဘူး။ ရေသန့်ဘူးပို့တဲ့ လု​ပ်ငန်းတွေဆိုလည်း ယောင်္ကျားလေးတွေမရှိလို့ မိန်းကလေးတွေ ပို့နေရတယ်။ ပေါ်ပြူလာရေသန့်စက်ရုံကဆို အမျိုးသားတွေ အကုန်ဝင်ဆွဲခံရတာ ရှိတယ်။ အနည်းကျဥ်းပဲ ပြန်လွတ်တာ။”လို့ အထက်ပါအမျိုးသားက ဆက်ပြော​ပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲတာ များလာလို့ ညောင်ဦးနဲ့ ပုဂံမြို့ပေါ်က အမျိုးသားတွေမှာ လုပ်ငန်းခွင်သွားလာဖို့ ခက်ခဲလာတာကြောင့် မိသားစုစားဝတ်နေရေး ကြပ်တည်းလာကြတယ်လို့ ဆို့ပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ ပေါ်တာဆွဲရာမှာ ဘုရားဖူလာသူတွေကိုတော့ ဖမ်းဆီးတာမျိုးမရှိပဲ မြို့ခံတွေကိုသာ အဓိကထား ဖမ်းဆီးနေပြီး၊ ဖမ်းဆီးရမိသူတွေကိုလည်း ညောင်ဦးထွေအုပ်ရုံးမှာ တညထားပြီး ကျောက်ပန်တောင်း၊ မိတ္ထီလာဘက်ရှိ စစ်တပ်စခန်းတွေကိုပို့ပြီး စစ်သင်တန်းပေးတယ်လို့ ဆို​ပါတယ်။

ဖမ်းဆီးခံရသူတွေကို ပြန်ရွေးလိုပါက တဦးလျင် ကျပ်သိန်း ၂၀၀ မှ ၄၀၀ အထိတောင်းခံတာကြောင့် အများစုက ပြန်မရွေးနိင်ကြဘူးလို့ သိရပါတယ်။

ပုဂံညောင်ဦးမှာ ဇွန်လဆန်းမှ ဇူလိုင်လလယ်အထိ စစ်မှုထမ်းဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိနေပြီး အဲဒီအထဲမှာ မောင်မျိုးသက်ဝေ (ဇူလိုင်လ ၁၃ ရက်နေ့မှာချောင်းရိုးရပ်ကွက်၊ သူဌေးဂူဘုရားအနီး၊ ပန်းရံအလုပ်လုပ်နေစဉ် အိမ်စီးကားဖြင့် ဖမ်းဆီးခံရ)၊ မောင်စည်သူမောင် (ဇွန်လ ၄ ရက်နေ့မှာ ပဥ္စရူပ တည်းခိုခန်းအနီး၊ မိန်းလမ်းမပေါ် သွားလာနေစဉ် ဖမ်းဆီးခံရ)၊ မောင်​ပြည့်ဖြိုးမောင် (ခ) ကိုဖြိုး (ဇူလိုင်လ ၁၀ ရက်နေ့မှာ မဏိစည်သူစျေးကြီး၏ မြောက်ဖက်ရပ်ကွက်အတွင်းရှိ “ဗလီ“ အနီး ဖမ်းဆီးခေါ်ဆောင်ခံရ)နဲ့ မောင်ဟန်မင်းစိုး (ဇွန်လ ပထမအပတ်အတွင်း ပုဂံမြို့သစ်၊ မြို့အရှေ့ဘက် မိုးကုတ်ဝိပဿနာရိပ်သာရှေ့ ဖမ်းဆီးခေါ်ဆောင်ခံရ) တို့ ပါဝင်တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။