⁨⁩ ⁨ဧရာဝတီမြစ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၁၄ စီး ကြားတိုက်ခိုက်ခံရလို့ ၁ စီးပျက်စီး

0 1
0 1

■ အနီးကရွာတွေကိုမဲပြီး လေ​ကြောင်းနဲ့ ဗုံးပတ်ကြဲနေလို့ ကျေးရွာ ၁၀ ရွာကျော် ထွက်ပြေးတိမ်းရှောင်နေရ

ခင်ဦး၊ ဩဂုတ် ၂၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အစပ်မှာ စစ်ရေယာဥ် (စစ်သင်္ဘော) အုပ်စု တိုက်ခိုက်ခံရပြီးနောက် အနီးကရွာတွေကို လေ​ကြောင်းနဲ့ ဗုံးပတ်ကြဲနေလို့ ကျေးရွာ ၁၀ ရွာကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

မနေ့က (ဩဂုတ် ၂၃) မနက် ၁၀ နာရီခန့်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ သင်္ဘော ၁၄ စီးပါတဲ့ စစ်ရေယာဉ်တန်းကို ခင်ဦးမြို့နယ်ထဲအရောက်မှာ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“တစီးတော့ မီးလောင်ပျက်စီးတာ ရှိတယ်။ မနေ့က သူတို့တက်လာချိန် ကိုယ့်လူတွေ ပစ်တာ။ လေကြောင်းကလည်း လမ်းရှင်းပစ်ပေးတယ်။ ကိုယ့်လူတွေကလည်း ဒီဘက်က နေရာယူထားပြီး ပစ်တဲ့အနေထားမှာ တစီးထိသွားတယ်။ တစီးလုံးပျက်တယ်ဆိုမှတော့ လူလည်းထိခိုက်သေဆုံး ရှိနိုင်တယ်”လို့ ခင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူက ပြော​ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်​သေဆုံးမှုအခြေနေကိုတော့ အသေးစိတ်သိရဖို့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း နေ့လည်ပိုင်းနဲ့ ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းတွေမှာ သင်ပေါင်းကား၊ ရုံးပင်၊ ကုတ်တက်၊ သီဟတော၊ ရွှေတောကြီး၊ သရက်ကုန်း၊ ထုံးဖြူကြီး၊ ထုံးဖြူလေးကျေးရွာ အပါအဝင် ကျေးရွာ ၁၂ ရွာလောက်ကို လေကြောင်းကနေ ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။

ရေယာဥ်အုပ်စုတွေ တက်လာကတည်းက လေကြောင်းဗုံးကြဲခံရတဲ့ ကျေးရွာတွေက ပြည်သူတွေကို ဘေးလွတ်ရာ အရင်ရွေ့ခိုင်းထားတာကြောင့် ပြည်သူထိခိုက်မှုတော့ မရှိနိင်ပေမယ့် အိုးအိမ်ပျက်စီးမှုတွေရှိနိုင်ပြီး အပျက်အစီးတွေကိုတော့ မစီစစ်နိုင်သေးဘူးလို့ သိရပါတယ်။

လေယာဥ်ရန်ကြောက်ပြီး ကြိုတင်တိမ်းရှောင် နေကြရတဲ့ ကျေးရွာ ၁၂ ရွာက ပြည်သူ ၅၀၀၀ ကျော်ကတော့ ဒီကနေ့ နေ့လည်ပိုင်းအထိကျေးရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။

အဆိုပါ စစ်ရေယာဥ်အုပ်စုဟာ ဩဂုတ်လ ၂၁ ရက်နေ့လောက်ကတည်းက မန္တလေးကနေ တက်လာတဲ့ အုပ်စုဖြစ်ပြီး ဩဂုတ်လ ၂၄ ရက်နေ့မနက်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်၊ မလယ်ကျေးရွာကို ကျော်နေပြီလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။