မန္တလေး၊ ဇူလိုင် ၇၊ ၂၀၂၆။
မန္တလေးမြို့မှာ ဆက်တိုက် ပေါ်တာဆွဲမှု တွေဖြစ် နေပြီးမေလအတွင်း အမျိုးသား ၁၅၀ ကျော် ပေါ်တာဆွဲခံရကာ၂၀ ခန့်သာ ပိုက်ဆံ ပေးပြီးပြန်လွတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
“၅ လပိုင်း ၁ လအတွင်းကို လူအယောက် ၁၅၀ ကျော် ပါတယ်။ ပြန်လိုက်ရွေးနိုင်တာက ၂၀ လောက်ပဲ ရှိတာ။ အခုဆွဲနေတာက တရားဝင်ပေါ်တာ မဟုတ်ဘူး။ ပြန်ရွေးလို့ အထက်လူကြီးနဲ့ဆို (ကျပ်သိန်း) ၅၀ လောက်ဆို ရတယ်။ တချို့ကတော့ ပေးရတာတွေရောဆို ၇၀ လောက်တော့ ကုန်တယ်။” လို့ မြို့ခံတဦးက ဆိုပါတယ်။
မန္တလေးမြို့မှာ ပျူစောထီးအုပ်စုများစွာရှိပြီး ပျူတွေက ပေါ်တာဆွဲကာ လူရောင်းချမှုရှိသလို စစ်မှုထမ်းကြေး လစဉ်ငွေကောက်ခံတဲ့ ရပ်ကွက်တွေက ဒီလူ တွေကို အစားထိုး ဝယ်ယူတာ တွေရှိပြီး တရားဝင် လူကုန်ကူး ဈေးကွက်တခုလိုဖြစ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
မေလ ၁၈ ရက်နေ့ ၊ နေ့လည် ၁၂ နာရီခွဲမှာ မန္တလေးမြို့မှာ ပေါ်တာဆွဲမှုနာမည်ကြီးတဲ့ စက်မှုထဲမှာအမျိုးသားတဦး ပေါ်တာဆွဲခံခဲ့ရပြီး မတ္တရာမြို့နယ်၊ စစ်သားစုဆောင်းရေးတပ် (ထီးတော်မိုး)ထဲကို ရောင်းစားခံခဲ့ရတယ်လို့မိသားစုဝင်တဦးက ပြောပါတယ်။
“တံတားဦးဘက်က စစ်သားနဲ့ လူမိုက်ပေါင်းပြီး စက်မှုထဲကို ကားနဲ့ PDF လားဆိုပြီး တခါတည်းဆွဲတင်ပြီး မတ္တရာနားက ထီးတော်မိုးတပ်ထဲ ရောင်းစားတာ၊ လူပြတ်တဲ့လမ်းမှာ ကားနဲ့အသင့်စောင့်ပြီး တခါတည်းခေါ်ပြီး ရောင်းစားတာ။” လို့ မိသားစုဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း ထီး တော်မိုးတပ်က စစ်သား ၂ ဦးနဲ့ မန္တလေးမြို့ခံ ပျူစောထီး တွေပေါင်းပြီး နည်းပညာကျောင်းသားတဦးကို ပေါ်တာဆွဲကာ ငွေညစ်ခဲ့တာမို့ ရဲတွေဖမ်းမိတဲ့ဖြစ်စဉ် ရှိခဲ့သေးတယ်လို့ မြို့ခံ တဦးကလည်း ပြောပါတယ်။
ဒါ့အပြင်ပျူစောထီးတွေနဲ့ စစ်သားတွေပေါင်းပြီး လမ်းသွားလမ်းလာပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် မြို့နေပြည်သူတွေ အထိတ်တလန့်ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလို ပေါ်တာဆွဲ ဖမ်းဆီးရောင်းစားတာတွေကြောင့် ဆိုင်ကယ် ကယ်ရီသမား၊ လမ်းမတွေပေါ်မှာ လိုက်ပြင်ပေးရတဲ့ ကားပြင်သမား စတဲ့ လမ်းမပေါ်မှာ အလုပ်လုပ်နေရတဲ့ အမျိုးသားတွေအတွက် အခက်တွေ့နေပြီး အလုပ်လုပ်ဖို့တောင် ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက စက်မှုဇုန်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို အများဆုံးကြုံနေရပြီး ပေါက်ကိုယ် တော်ရဲ့ ပျူစောထီး အဖွဲ့ရှိသလို လူမိုက်ဂိုဏ်းအများဆုံးရှိတဲ့နေရာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ခန့်မှန်းပါတယ်။

“တချို့က စက်မှုနယ်ဘက် တဝိုက်လူမိုက်တွေကခေါ်ပြီး စစ်မှုထမ်းအတွက် ရောင်းစားတာ၊ ကားအမျိုးအစားက Honda Insight၊ Honda Fit၊ Mark II (ကားတွေနဲ့) လူမိုက်တွေက (စစ်သားတွေ)ပေါင်းပြီး စောင့်တာ။” လို့ ပြောပါတယ်။
ဒါ့အပြင် နေအိမ်ပေါ်အထိတက်ကာ ပေါ်တာဆွဲမှု တွေရှိပေမယ့် ယနေ့အထိ စစ်တပ်က အရေးယူတာမျိုးလည်း မရှိဘူးလို့သိရပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လနောက်ဆုံးပတ်နဲ့ ဇူလိုင်လထဲမှာတော့ စစ်ကော်မရှင်တပ်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး စတဲ့ လူကြီးရွေးပွဲတွေရှိတာကြောင့် ပေါ်တာဆွဲတာ အနည်းငယ် လျော့နေပေမယ့် မြို့ခံတွေရဲ့ စိတ်မလုံခြုံတာတွေ၊ အထိတ်တလန့်ဖြစ်နေတာတွေကတော့ လျော့မသွားဘဲ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
စာတည်း – နိုင်းဝမ်း

